'' မုန့်ဟင်းခါး တစ်ပွဲ ဘူးသီးကြော်နဲ့နော်''
'' ဟုတ်ကဲ့ ရမယ်ဗျ ''
မနက်ခင်းစျေးချိန်ဖြစ်တာကြောင့် '' ရိပ်'' ဟူသောမုန့်ဟင်းခါးဆိုင်ကလေးတွင် လက်မလည်အောင်ရောင်းနေရလေသည်။
'' တိမ်ရိပ်ရေ ကျုပ်ကို ပဲကြော်နဲ့ တစ်ပွဲ ပါဆယ်နော် ''
'' ဟုတ်ကဲ့ဒေါ်ဘုမ ခဏ စောင့်ပေးနော်''
ရိပ်ထိုသို့ဆိုလိုက်တော့ ဒေါ်ဘုမမှ ပိုက်ဆံအိတ်အား ချိုင်း(ဂျိုင်း) ကြားညှပ်ကာ မဲ့ကာရွဲ့ကာဖြင့် ကွမ်းဝါးရင်းထိုင်စောင့်နေလေသည်။
'' ဟဲ့ ရေနွေးချစမ်းပါအေ..ဒီမှာမရှိတော့ဘူး ''
တိမ်ရိပ်ခေါင်းကလေးသာ အညိတ်ပြလိုက်ပြီး ရေနွေးဓါတ်ဘူးကလေး အသစ်လေးအား ဒေါ်ဘုမရှေ့သို့ သွားချပေးလိုက်လေသည်။
'' ဟဲ့ ဒါနဲ့ နင့်အကိုနဲ့ နင့်မရီးကရော အဆင်ပြေဖို့ရောလမ်းမြင်သေးရဲ့လား ''
ဒေါ်ဘုမ၏ စကားကို တိမ်ရိပ် ဘာမျှ ပြန်မပြောနိုင်၊ ပြန်မချေပနိုင်တာကြောင့် အသာငြိမ်၍ သာ နားထောင်ပြီး မုန့်ပွဲသာပြင်နေလေသည်။
'' နင့်မရီးက ချမ်းသာတယ်ဆို ရွှေတောင်ကြားမှာ တိုက်နဲ့ ကားနဲ့တဲ့။ အေးပေါ့ဟယ် သူဌေးသမီးလေးက ဒီလို အနုတ်စုတ်ဂုတ်စုတ်နေရာကို လိုက်လာရတော့ သူ့ခမျာ ဘယ်ပျော်နိုင်ပါ့မလဲ။နင့်အကို ကလည်း နင့်အကိုပဲ ဟုတ်ကို မဟုတ်ဘူး။ ဘာလဲ နင့်မရီးက သူဌေးသမီးမှန်း သိလို့ အပိုင်ဆိုပြီး လုပ်တာ ခုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်ပြီမို့လား။ အဲ့ဒါကြောင့် ကျုပ်ကပြောတာ လူဆိုတာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် တန်ရာ တန်ရာမှန်းသင့်တာ။ ကျုပ်ကစေတနာနဲ့ပြောတာပါအေ။ ကျုပ်တူမကိုကြည့် နင့်မရီးလောက်မချမ်းသာပေမဲ့ အလှကတော့ နင့်မရီးထက်တောင်လှတာပါအေ။ ကျုပ်က ဒီတိုင်းပြောပြတာနော် နင့်မရီးနဲ့ ယှဥ်ပြတာမဟုတ်ဘူး။ကျုပ်က ကိုယ့်တူလို သားလို သဘောထားလို့ ပြောပြတာပါ။ နင့်အလှည့်ကျလည်း အရွှေးမမှားအောင်ပေါ့။ ကဲအခုနင့်အကိုကို ကြည့်သူဌေးသမီးကို ယူလို့ မချမ်းသာတဲ့အပြင် အိမ်ပေါ်ပါတင်ကျွေးထားရပြီမလား။''