(Unicode)
တစ်ရာသီဟောင်းလို့ တစ်ရာသီပြောင်းခဲ့ပါပြီ။ ရာသီအသစ်အသစ်တွေမှာ နေသားကျလာခဲ့ရင်းကနေ ဆေးကျောင်းသားလေး မဟော်မင်းမြတ်တောင် အလုပ်သင်ဆရာဝန်လေး မဟော်မင်းမြတ်ဘဝကို ရောက်ရှိလို့နေပြီ။
"မင်းမြတ်"
"ဗျာ အစ်မ"
"ဆရာဝန်ကြီးက ခေါ်နေတယ်၊ 307က လူနာမှတ်တမ်းကို ပေးပြီးသွားပြီလား"
"ဟုတ် ပေးပြီးပြီ အစ်မ"
"အဲ့တာဆိုရင် ဘာလို့ခေါ်တာလဲ မသိဘူး၊ သွားလိုက်ဦး"
မင်းမြတ် အလုပ်သင်ဆင်းနေရတာ ခြောက်လလောက်ရှိပြီ။ လူနာတွေနဲ့တိုက်ရိုက်ထိတွေ့ရတာကြောင့် ကျောင်းတုန်းကထက်ပိုပြီး လေ့လာသင်ယူတွေ များလာသလို ခေါင်းခြောက်စရာတွေလည်း ပိုများလာသည်။ အခုလည်းကြည့်ပါ့လား..၊ လူနာကတမျိုး.. ဆရာဝန်ကြီးကတမျိုး။ ဒါတောင် ကိုကြီးရဲ့သူငယ်ချင်း ဖြစ်နေလို့ မင်းမြတ်တော်တော်သက်သာနေတာ။
"ဆရာ.. ကျွန်တော့်ကို ခေါ်တယ်ဆို"
"အေး 307က လူနာက ဒီနေ့ Dischargeလုပ်မှာနော်၊ အဲ့တာ အခုသွားကြည့်လိုက်ဦး"
အသက်အရွယ် ရင့်ကျက်လာတာနဲ့အမျှ မင်းမြတ် မငြီးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒီတစ်ခါတော့ ငြီးမှကိုရပါတော့မည်။ ဟိုးအရင်ကျောင်းသားဘဝတုန်းကဆိုရင် ဘာတွေကြုံလာမယ်မှန်းမသိတဲ့ အနာဂတ်ကို တွေးပြီးရင်ပူခဲ့ဖူးသည်။
ငါ ဆရာဝန်ဖြစ်လာရင် လူနာတွေကို သေချာကုနိုင်ပါ့မလားတို့..၊ ဆေးမှားပေးရင် ဘယ်လိုလုပ်မလဲတို့..၊ဘယ်ဆေးရုံက ခေါ်မှာလဲတို့ဘာတို့..။ တကယ်တမ်း အလုပ်သင်ဖြစ်လာတော့လည်း ခိုင်းသမျှကို ကုန်းလုပ်၊ သင်သမျှကို ကုန်းမှတ်ရတာချည်းပဲ..။ ဒီလိုမှန်းသိရင် အရင်တုန်းက ကောင်းကောင်းပျော်ခဲ့ပါတယ်။
"မသွားခင် မေးဦးမယ်၊ မင်းမြတ် Haemorrhoidectomyလုပ်ပြီးသွားတဲ့ လူနာက ဘာတွေဖြစ်တတ်လဲ"