"မာမားရယ် မဟုတ်တမ်းတရားတွေ မပြောစမ်းပါနဲ့"
ဟာမီနီယာဟာ ဒီခရီးတွေကို သူ့သက်တမ်းတလျှောက်ကျင့်သားရနေပြီဖြစ်တဲ့ အကောင်းမြင်စိတ်နဲ့ ဖြတ်ကျော်တယ်။ သူဟာ အသွေးထဲအသားထဲက တာချီရာ Táchira အမျိုးသမီးစစ်စစ်တစ်ယောက်။ စကားပြောရင် တောင်အမေရိကသံဝဲတယ်။ ခြေသလုံးတွေက သန်မာတယ်။ ဆံပင်ကို သပ်သပ်ရပ်ထုံးထားတတ်တယ်။
အရင်တုန်းက သူ့ကိုမြင်ဖူးသူတွေဟာ အခုသူ့ကို ပြန်တွေ့ရင် မှတ်မိမှာကို မဟုတ်ဘူး။ နှစ်တွေကကြာခဲ့ပြီလေ။ သူဘယ်လောက်တောင် ပိန်သွားလဲဆိုရင် သူ့မျက်နှာဟာ လေလျော့နေတဲ့ ပူဘောင်းတစ်လုံးလို ချုံးချုံးကျနေခဲ့ပါပြီ။
ဘဝကိုယ်နိုင်နိုင်နင်းနင်း ဇာတ်ကိုင်နိုင်ခဲ့ချိန် နဲ့ ယှဉ်လိုက်ရင် ယိုယွင်းသွားတဲ့ အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ အရီပါ Arepa မျက်နှာလို့ အိမ်နီးနားချင်း ကလေးတွေ ခေါ်တတ်ကြတဲ့ မျက်နှာလည်းမဟုတ်တော့ပါဘူး။ အရီပါ မျက်နှာလို့ခေါ်ကြတာက ဟာမီနီယာရဲ့ မျက်နှာဟာ သူဖုတ်တဲ့ ပြောင်းဖူးကိတ်မုန့်နဲ့တူလို့ခေါ်ကြတာ။
သူ့မှာ မုန့်ဖုတ်ရုံလေးအရင်ကရှိပါတယ်။ အပျော်လာတဲ့ စစ်သားတွေ မီးတင်ရှို့လိုက်တာမှာ ရှိသမျှအကုန်ပါသွားခဲ့တယ်။ ဘယ်သူကမှ ပြန်မလျော်ပေးခဲ့ကြဘူးလေ။ အဲဒီအချိန်ကစပြီး သူ့ဘဝကမ်းဟာ ပြိုကျခဲ့တော့တာပါပဲ။
သူဟာဘယ်တော့မှ အမည်းရောင် ဝမ်းဆက်ဝတ်လေ့မရှိဘူး။ လူတွေကတော့ပြောကြပါရဲ့။ သူ့မျက်နှာက မွေးရာပါ မုဆိုးမတစ်ယောက်ရဲ့ မျက်နှာမျိုးတဲ့လေ။ အဖွားကြီးတစ်ယောက်ဖြစ်နေရတာမလွယ်ကူပါဘူး။ ဒါပေမယ့် ညည်းညူနေလို့ ဘာထူးမလဲ။
သူ့အမေလဲ မညည်းခဲ့ဘူး။ သူ့အဖွားဖြစ်သူလည်း မညည်းခဲ့ဘူး။ ဒီတော့သူလည်း ညည်းညူနေမှာမဟုတ်ပါဘူး။
"သမီးနဲ့မား(အမေ)တို့ သွားတုန်းကလေးကို ကြည့်ပေးထားပါ အဘူအယ်လာ(အဖွား)ရေ" လို့ သူ့မြေးဖြစ်သူက ပြောတယ်။
"ဒီနေရာမှာပဲနေ။ ဘယ်မှမသွားနဲ့နော်၊ သိလား"
"အေးပါ မီစာ(သမီး)ရယ်။ ငါသိပါတယ်" လို့ ဟာမီးနီးယားက ချွဲသံနဲ့ပြောပြီး ကလေးကို လက်ပြောင်းချီလိုက်တယ်။ ကလေးကို ကြည့်ပေးရတာက သူ့အတွက်မပင်ပန်းပါဘူး။ ဒါပေမယ့် ကလေးနဲ့ ရှိနေရင် သူတို့ ဘာပဲဖြစ်ဖြစ်ပြန်လာကြမှာပဲ။
စ-ဆုံး
Start from the beginning