အပိုင်း - ( ၁၉ ) မင်္ဂလာပွဲ

Začať od začiatku
                                    

ချီယွဲ့ ဟယ်လင်းအား ခန်းမထဲသို့ ခေါ်သွားလိုက်သည်။ ထိုနေရာ၌ ရွာသူကြီးနှင့် ဂုဏ်သရေရှိ ရွာလူကြီးအချို့ ရှိနေကြပြီး ဟယ်လင်း၏သွင်ပြင်ကို မြင်သောအခါ အံ့သြသွားကြသော်လည်း ထုတ်တော့မမေးကြပေ ။

" မတ်တပ်ရပ်နိုင်ရဲ့လား " ချီယွဲ့ ဟယ်လင်း၏နားနားသို့ ကပ်ကာမေးလိုက်သည်။ ဟယ်လင်း၏ အားအင်ချိနဲ့နေသည့်ပုံကိုကြည့်ခြင်းဖြင့် ဟယ်မိသားစုက ဆေးတစ်ခုခုကျွေးထားတာ ဖြစ်ရမည်ဟု ချီယွဲ့ ခန့်မှန်းလိုက်မိသည်။

စိတ်အခြေအနေ တည်ငြိမ်နေပြီဖြစ်သော ဟယ်လင်းသည် လူအများရှေ့တွင် ချီယွဲ့ထံမှ အချီခံထားရသဖြင့် ရှက်နေလေ၏။ ထို့ကြောင့် ချီယွဲ့၏ အမေးကိုကြားသောအခါတွင် ချက်ချင်းပင် ခေါင်းညိတ်ပြလေသည်။

ဟယ်လင်းက တကယ် သက်သာနေတာ သေချာမှသာ ချီယွဲ့လည်း ဂရုတစိုက်နှင့် ကြမ်းပေါ်သို့ချပေးလိုက်သည်။ ဟယ်လင်းက သူ့ဘာသာ ရပ်နေနိုင်တာ သေချာသွားမှသာ ဟယ်လင်း၏ခါးမှ ဖက်ကာထိန်းပေးထားသော သူ့လက်ကို ချီယွဲ့ ပြန်ရုတ်လိုက်သည်။

၀ူယွီလန်က ထိုင်ရန်အခင်းများကို ယူလာပေးသဖြင့် နှစ်ယောက်လုံး အသီးသီး နေရာ၀င်ယူလိုက်ပြီး ရွာလူကြီး၏ ခိုင်းစေမှုအတိုင်း သုံးကြိမ်သုံးခါ ဂါ၀ရပြုလိုက်ကြသည်။

နှစ်ယောက်သား ထရပ်လိုက်ပြီးသည့်အခါတွင် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်၍ ပြုံးလိုက်မိကြသည်။ ယခုအချိန်မှစ၍ သူတို့နှစ်ဦးသည် တစ်ဘ၀လုံး အတူရှိသွားကြတော့မည်ဖြစ်ပြီး တစ်ယောက်ချင်းစီ၏ ဘ၀၌ အရေးပါဆုံးသောလူများ ဖြစ်လာကြတော့မည် ဖြစ်ပေသည်။

သူတို့နှစ်ဦး၏ လက်များအား အနီရောင်ပိုးချည်ဖြင့် ချည်ပေးပြီးနောက်တွင် ချီယွဲ့မှ ဦးဆောင်ကာ ဟယ်လင်းကိုခေါ်၍ ခန်းမအပြင်သို့ ထွက်လာလိုက်သည်။ ရွာသားများ၏ ဂုဏ်ပြုသံ ချီးမွမ်းထောပနာပြုသံများအောက်တွင် ချီယွဲ့ ဟယ်လင်းအား မင်္ဂလာဦးအိပ်ခန်းသို့ ခေါ်သွားလိုက်သည်။

အခန်းထဲသို့ ရောက်သည်နှင့် ချီယွဲ့ ဟယ်လင်းအား အနီရောင်စောင်ကို ဖြန့်ခင်းထားသော အိပ်ရာထက်၌ ထိုင်စေလိုက်ပြီး လက်ကောက်၀တ်ကိုယူ၍ သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now