အဲဒီဘက်အိမ်တွင် ဒေါ်လေးလှက လမ်းထိပ်တွင် ကုန်စုံဆိုင်အကြီးကြီးတစ်ခုကို ဖွင့်ကာ ရပ်ကွက်ထဲ အတိုးလေးဘာလေး ပေးသည်။
ဒေါ်လေးလှ အမျိုးသားသည် သင်္ဘောသားဖြစ်သည်ဟု မေမေက ပြောပြဖူးသည်။
ထို့ကြောင့် ထိုဦးလေး ပြန်လာသည့် ရက်ပိုင်းမျှအချိန်တွင်သာ တစ်ဖက်အိမ်က တစ်ဦးတည်းသော သားကြီးသည် ငြိမ်ဝပ်ပိပြားတတ်သည်။ထိုလူ့အရှုပ်ကြီးသည် သုတတို့တွေ ပြောင်းလာသည့်အချိန်ကစ သုတဉာဏ်ကို စနောက်လာတာ ဖြစ်သည်။
ထိုသို့ရွှတ်နောက်နောက်နေတတ်သည့် လူပေါ်ကြော့ကြီးကို သုတက ကြည့်မရပါ။ ပေါင်းလည်း မပေါင်းတတ်၍ ခပ်ကင်းကင်းသာ နေပေမယ့် ထိုသူသည် သုတကို မြင်သည်နှင့် ပို၍ လှုပ်ယွကာ မခံနိုင်အောင် စနောက်တတ်သည်။
ပို၍ ဆိုးသည်က သုတအခန်းနှင့် ထိုလူ့အခန်းသည် ခြံစည်းရိုး သံဇကာသာ ခြားသည်မို့ ပြတင်းဖွင့်မိသည်နှင့် တန်းတွေ့ရသည်။
သုတ စာကြည့်စားပွဲသည် ပြတင်းနားကပ်ထားသည်ကြောင့် စာထိုင်လုပ်တိုင်း တစ်ဖက်အိမ်က ဟေးလားဝါးလားသည် အချိန်မှန် နှောင့်ယှက်တော့သည်သာ။
မေမေ့ကို အသိပေးသော်လည်း မေမေက ထိုအရှုပ်ထုတ်ကို သားအရင်းဖြစ်သည့် သူ့ထက် ပို၍ ချစ်ခင်နေပေတော့သည်။
သုတက ငယ်စဉ်ကတည်းက အနေအေးသည့် ကလေးဖြစ်ကာ ချွဲချွဲနွဲ့နွဲ့လည်း မနေတတ်။ မေမေ့အနားလည်း ကလေးတစ်ယောက်လို ကပ်မနေတတ်ကာ လူကြီးလေးတစ်ယောက်လို နေထိုင်ပြုမူတတ်သည်။ ထိုသည်ကိုပင် မေမေက အားမရတာ ဖြစ်သည်။ သူ့အနားကို ကပ်ချွဲကာ ကလေးလေးလို နေစေချင်သည်။ အပေါင်းအသင်း မရှိသည်ကိုလည်း မေမေက မကြိုက်။ social ကောင်းပြီး တတ်ကြွနေတတ်သည့် မိခင်သည် သူ့စရိုက်လက္ခဏာနှင့် ဆန့်ကျင်ဘက်ဖြစ်နေတတ်သည့် သုတဉာဏ်ကို အားမလို အားမရ အမြဲဖြစ်တတ်သည်။ ညီမလေးသည်လည်း မိန်းကလေးမို့ သုတထက်ပို၍ မေမေ့နား ကပ်ပေမယ့် သုတကဲ့သို့ပင် အနေအေးသူလေး ဖြစ်သည်။
သားနှင့် သမီးကို အမြဲ အားမရခဲ့သူ မေမေသည် တစ်ဖက်အိမ်က အရှုပ်ထုပ်ကြီးရဲ့ အချွဲအနွဲ့ ကလေးကလားအကျင့်စရိုက်များကို အချစ်ကြီး ချစ်နေတော့သည်။
ဟိုကလည်း ခေါ်သည်ကိုက ဒေါ်ချိုသာပြုံးကို မေပြုံးဟု အဖျားစွတ်တော့ ဟိုက ဘဝင်ကို ခိုက်နေသည်မှာ မဆန်း။
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်(Z)
Start from the beginning