ပထမဦးစွာ မြင်ကွင်းထဲကို ဝင်လာတာက အကြောပြိုင်းပြိုင်းထနေသော ရှည်သွယ်သည့်ခြေချောင်း ဖြူဖြူလေးများဖြစ်သည်။အပျော့သားဘောင်းဘီက ခြေဖမိုးပေါ်အထိ ပုံကျနေတာမို့ ခြေဖမိုးထိပ်ရဲရဲလေးများက တစ်စွန်းတစ်စပေါ်ထွက်လို့နေသည်။တစ်စွန်းတစ်စ လှမ်းမြင်ရတဲ့ ခြေဖမိုးလေးကပင် သူ့ရင်တွေကို တဒိတ်ဒိတ်ခုန်လှုပ်လာစေသည်။မနက်စောစောကြီး ခြံရှေ့မှာ သူ့ကိုမြင်လိုက်ရတော့ ရှင်းခန့်၏ မျက်ဝန်းတို့ထဲ အံ့သြရိပ်တို့ဖြတ်ပြေး၍သွား၏။နဂိုပိန်သွယ်သည့်ကိုယ်ဟန်က ပို၍ပါးလျသွားသည့်နှယ်။နှုတ်ခမ်းလေးတွေ‌ဖြူဖျော့ကာ မျက်နှာလေးပါ သိသိသာသာချောင်ကျလို့နေသည်။အတန်ကြာသည့်အထိ မျက်ဝန်းအကြည့်တို့ ဆုံစည်းနေကြပြီးမှ ရှင်းခန့်က အရင်ဦးဆုံး မျက်နှာလွှဲဖယ်သည်။ပြီးတော့ ခြံတံခါးအား ပြန်ပိတ်ဟန်ပြင်လေတာမို့ သူအသဲအသန်ဆွဲထားရခြင်းသို့ရောက်လေသည်။သူဆွဲထားတော့လည်း ရှင်းခန့်က အတင်းရုန်းကန်တာမျိုး မလုပ်ပါပဲ သူ့အားအေးစက်စက် မျက်နှာထားလေးဖြင့် ကြည့်လို့လာလေသည်။

"ကျွန်တော်...!"

‌‌ခံစားချက်မဲ့ကာအေးစက်နေသော မျက်ဝန်းအကြည့်တို့ကြောင့် ပြောစရာစကားတို့ ဆွံ့အကုန်ရသည်။

"ကျွန်တော်!..."

အိပ်ရေးမဝ၍ မျက်လုံးအစုံက နီရဲနေကာ ဆံပင်‌ရှည်တွေ ပွယောင်းယောင်းဖြင့် ဆိုင်းလော့ဒ်၏ပုံစံက ဖရိုဖရဲဖြစ်လို့နေသည်။အထဲမှာစွပ်ကျယ်ခံ၍ အပေါ်ထပ်ရင်ခွဲဝတ်ထားသော ရှပ်အင်္ကျီသည်လည်း အနည်းငယ်တွန့်ကြေ၍နေသည်။ဟိုအရင်က အလွန်တရာမှ သန့်ရှင်းသပ်ရပ်ပါသော ဆိုင်းလော့ဒ်၏ပုံရိပ်တို့ ပျောက်ဆုံးနေခဲ့လေသည်။

"ဘာကိစ္စရှိလို့လဲ...."

အေးတိအေးစက်လေး ထွက်ပေါ်လာပါသော ရှင်းခန့်၏စကားသံက သူ့တစ်ကိုယ်လုံးအား အေးခဲသွားစေသည့်နှယ်။စကားသံတွေထဲမှာတောင် သူစိမ်းဆန်သည့် စိမ်းသက်သော အငွေ့အသက်တို့လွှမ်းခြုံ၍နေသည်။ပြောင်းလဲနေပါသော မျက်ဝန်းအကြည့်တို့ကြောင့် သူ့ရင်‌ထဲပိုဆွေးသွားရသည်။

Wild  Rose(complete)Where stories live. Discover now