!ရှင်းခန့်မောင်ဆိုတာ သူဆက်လက်ရှင်သန်နိုင်ဖို့ရာ ရေသောက်မြစ်လေးသာ...!

အတွေးတို့နှင့်အတူ ပင့်သက်ကိုရှိုက်၍ တုန်ယင်နေသော လက်အစုံဖြင့် လျှို့ဝှက်ခလုတ်အား ဖိနှိပ်လိုက်တော့ နံပါတ်မှားနေကြောင်း သတိပေးသံက ထွက်ပေါ်၍လာလေသည်။

!ခြံတံခါး လျှို့ဝှက်ကုဒ်ကိုပါ ပြောင်းလိုက်ပြီတဲ့လား...!

ရပ်နေမိသော ခြေအစုံဟာ ရုတ်ချည်အားလျော့သွားသည့်နှယ်။လက်အစုံဟာလည်း အားလျော့စွာပြုတ်ကျသွားခဲ့သည်။

!ရှင်းခန့်မောင်ဟာ တကယ်ပဲ သူ့ကိုကျောခိုင်းလိုက်ဖို့ ဆုံးဖြတ်ထားသည့်ပုံပင်...!

ထိုအတွေးက သူ့ရင်ဘတ်တစ်ခုလုံးကို ဟာဆင်းသွားစေသည်။ဆက်လက်ရပ်တည်ဖို့တောင် မစွမ်းသာတော့ပဲ သူ့ခြေထောက်တွေ တဆတ်ဆတ်တုန်ယင်လာရသည်။
အဲ့ဒီလူသာ တကယ်ပြန်မလှည့်လာရင်ဆိုတဲ့အတွေးက သူ့ရင်ကို မွန်းကြပ်နာကျင်စေသည်။အဲ့ဒီလူသာ ပြန်လှည့်မလာဖို့ ဆုံးဖြတ်ထားပါလျှင် သူဘာဆက်လုပ်ရမလဲ မသိတော့ချေ။သူ့ရဲ့လိုအပ်ချက်တွေကြောင့် အပြီးတိုင်စွန့်ပစ်သွားခဲ့ပါလျှင်...။ထိုအတွေးကို ဆက်မတွေးရဲတော့ချေ။ခြံတံခါးအား ယိုင်နဲ့စွာကျောမှီ၍ ‌ထိုင်ချမိသည်။ရင်ဘတ်တစ်ခုလုံး တင်းကျပ်နာကျင်နေခဲ့ပြီး ထိုအတွေးက သူ့အား အကြိမ်ကြိမ်သေဆုံးစေလေသည်။

                 ~~~~~

"ကျလိ ကျလိ ကျလိ!...."

ကျလိကျလိဖြင့် နားထဲကိုတိုးဝင်လာသော ကျေးငှက်သံဆူဆူညံညံတို့ကြောင့် ဆိုင်းလော့ဒ် နိုးထလာရသည်။ညတုန်းက ခြံတံခါးအားကျောမှီလျှက်သားဖြင့် သူအိပ်ပျော်သွားခဲ့တာ နိုးထလာသည့်အထိ ခြံရှေ့မှာထိုပုံစံအတိုင်းသာ။မနက်၃နာရီအထိ ခြံရှေ့မှာပဲငုတ်တုတ် ထိုင်နေမိပြီး မှေးကနဲဖြစ်သွားခဲ့သည်။ပြန်နိုးလာတော့ အလင်းရောင်မသဲကွဲသေးသည့် မနက်ဝေလီဝေလင်းအချိန်ဖြစ်နေခဲ့သည်။ဆောင်းတွင်းကာလမို့ ရာသီဥတုက အနည်းငယ်အေးစိမ့်စိမ့်ဖြစ်နေကာ ပတ်ဝန်းကျင်ကလည်း မှုန်မှုန်မှိုင်းမှိုင်းဖြစ်လို့နေသည်။အိပ်ရေးမဝခဲ့၍ ဖန်တွတ်ကျိန်းစပ်နေပါသော မျက်လုံးတို့အား ပွတ်သပ်ပြီးမှ သူနေရာမှထရပ်ဖို့ ပြင်လိုက်သည်။ထိုစဥ်မှာပဲ အညိုရောင်ခြံတံခါးကြီးက ခပ်ဟဟပွင့်ဟ၍လာခဲ့လေသည်။

Wild  Rose(complete)Where stories live. Discover now