"ခင်ဗျား အရမ်းလွန်တယ်"
    
"ကျွန်တော့်ကို ဘယ်လိုလုပ်...ဒီလို...ဒီလိုလုပ်..ရက်ရတာလဲ..ဝူး...ဝူး......ဝူး"
    
ကုယွမ်းထင်က သူ့ကိုဖက်ရင်း ခပ်ဖြည်းဖြည်းပုတ်ပေးကာ ခဏမျှကြာအောင် စကားမပြောခဲ့။
   
စူးယိရန်မှာ ခဏမျှကြာအောင်ငိုနေပြီးမှ ထင်ကော၏ နှစ်သိမ့်ပေးမှုအောက်မှာ စိတ်ငြိမ်လာသည်။ သို့ငြား သူ့အသံက ဝမ်းနည်းနေဆဲဖြစ်ကာ ဆို့နင့်နေတုန်းပင်။

"ခင်ဗျား ဘာဖြစ်ချင်နေတာလဲလို့"
    
သူက သူ့ကိုမော့ကြည့်လာသည်။ မျက်နှာပေါ်က မျက်ရည်စတွေနှင့်အတူ ရေဖြင့်ဆေးကြောထားသည့်အလား မျက်တောင်တို့က စိုစွတ်နေကာ မျက်ရည်စတို့ တွဲခိုနေဆဲပင်။
    
ကုယွမ်းထင်က ခဏမျှတိတ်ဆိတ်နေပြီးမှ စူးယိရန်၏ မျက်နှာကို သူ၏ လက်ကြီးကြီးဖြင့် အုပ်ကိုင်၍ မျက်နှာပေါ်က ကျန်ရှိနေသေးသော မျက်ရည်စတွေကိုသုတ်ပေးလိုက်သည်။ သူက တစ်ခဏမျှကြည့်နေပြီးမှ ထပ်မံပြန်ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲဆွဲသွင်း၍ နောက်ကျောလေးကို ခပ်ဖြည်းဖြည်းလေး ပွတ်သပ်ပေးလိုက်သည်။
    
"ကိုယ်တောင်းပန်ပါတယ်"

သူပြောလိုက်၏။
    
သို့သော်လည်း သူ့မျက်လုံးတွေက စူးယိရန်ကို မကြည့်သေးပေ။ လေထဲက မမြင်ရသည့် ဆုံချက်ကို ကြည့်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"ကိုယ်.....ဒီရက်ပိုင်းနည်းနည်းပင်ပန်းနေလို့။ စောနက ပြောတာတွေကို အတည်မယူနဲ့....စိတ်မပူနဲ့တော့...မငိုနဲ့တော့နော်"
    
စူးယိရန်က ထင်ကောကို မော့ကြည့်ချင်ပေမဲ့ သူ့ခေါင်းလေးက ဖိချခံထားရသည်မို့ မျက်နှာသေးသေးလေးက ကုယွမ်းထင်ရင်ဘတ်ကြားမှာ မြုပ်နေပြီး အနည်းငယ်ရှုပ်ထွေးနေဟန်ရှိသည်။
    
ကုယွမ်းထင်က ဆုံးဖြတ်ချက်သစ်ချလိုက်ပြီးပြီဖြစ်သည်။ သူက ရင်ခွင်ကြားက စူးယိရန်ကိုကြည့်ကာ နူးနူးညံ့ညံ့ဆံစများကို ပွတ်သပ်ပေးရင်း

"အဲ့လို ဘယ်တော့မှ မဖြစ်စေရဘူး ဟုတ်ပြီလား"
    
သူ စိတ်ပြောင်းလိုက်ပြီ ဖြစ်၏။
    
စူးယိရန်ဟာ သူ့အား ထားခဲ့လိမ့်မည် မဟုတ်ချေ။

သူသည်လည်း စူးယိရန်ငိုကြွေးတာမျိုးကို မကြည့်ရက်ပေ။
    
သူက စူးယိရန်၏ ဆံပင်တွေကို ပွတ်သပ်ဖွပေးလိုက်သည်။ သည်လိုဆိုမှတော့ သူသည်လည်း...."ခင်ပွန်းသည်"၏ တာဝန်ဝတ္တရားတချို့ကို ဖြည့်ဆည်းပေးကာ ပျိုးထောင်ပေးရတော့ပေမည်။လူတစ်ယောက်ကိုပျိုးထောင်ပေးရသည့်ကိစ္စက ဘာမျှထူးထွေသည်လည်းမဟုတ်။
    
သို့သော်လည်း ဤအဓိပ္ပါယ်က သူဟာ ဤ"အိမ်ထောင်ရေး"ကို လက်ခံကာ အနှီ"အိမ်ထောင်ရေး"နှင့်ပါလာသော တာဝန်ဝတ္တရားများကိုပါ လက်ခံလိုက်သည်ဟူ၍ပင်။
    
သူဟာ စူးယိရန်ကို အတိုက်အခံမလုပ်တော့ဘဲ လက်ခံကာ သူ့ကမ္ဘာကြီးထဲသို့ပါ ဆွဲသွင်းတော့မည်ဟု ဆိုလိုခြင်းပါမည်ပေသည်။
    
စူးယိရန်၏ ခံစားချက်တွေက တည်ငြိမ်သွားပေမဲ့ နည်းနည်းတော့ ပဟေဋ္ဌိဖြစ်နေဆဲပင်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now