Part - 10 (Unicode)

Start from the beginning
                                    

"တကယ်လို့ သူက မင်းအဖေနဲ့ လက်ထပ်ပြီးမှ တခြားတစ်ယောက်ကို မင်းအဖေထက် ပိုချစ်သွားမိလို့ပါဆိုရင်ရော မင်း ဘယ်လိုလုပ်မလဲ"

"ကျွန်တော် တစ်စုံတစ်ယောက်နဲ့ လက်တွဲသွားဖို့ ယုံကြည်ချက် ရှိမှာ မဟုတ်တော့ဘူး။"

ဟင်ဒီက သက်ပြင်းချသည်။ ကျွန်တော့်အစား ရင်လေးသွားဟန် မျက်နှာမကြည်မသာ ဖြစ်သွား၏။ တစ်ယောက်တည်းနေသွားဖို့ ကျွန်တော် မကြောက်။ သန်ခေါင်ထက် ညဥ့်မနက်တော့ပါဘူး။

ကျွန်တော်နဲ့ ပက်သက်ဆက်နွယ်လာသူဟာ ကျွန်တော့်ရဲ့ မယုံကြည်မှု့တွေ၊ စွပ်စွဲမှု့တွေကြားမှာ မွန်းကြပ်သွားမှာကိုပဲ ကျွန်တော်ကြောက်သည်။

"တချို့အရာတွေက ဖြစ်ကိုဖြစ်လာရမဲ့ ကံကြမ္မာတွေ ပါလာပြီးသား။ ငါတို့လိုက်ပြုပြင်လို့ မရဘူး။"

ဒုတိယအကြိမ်မြောက် ဒီစကားကို ကြားလိုက်ရတော့ ကျွန်တော့်စိတ်တွေ တွေဝေသွားသည်။ ပထမအကြိမ် ပြောခဲ့သူက အန်ရီကို။ အခု ဒုတိယအကြိမ် ဟင်ဒီက ထပ်ပြောပြန်၏။

"ခရီးထွက်ရင်း ကားမှောက်မယ်ဆိုတာကို ငါသာ ကြိုသိခဲ့ရင် ဒီခရီးကို ငါလာခဲ့မှာ မဟုတ်ဘူးလို့ ပြောရင် လူတွေက ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်ခံကြလိမ့်မယ်။ ဒါပေမဲ့ သိလား ကံကြမ္မာဆိုတာ ပြင်လို့မရဘူး။ ငါ့ဇနီးနဲ့ သမီးက ဒီခရီးကို မသွားဖြစ်လို့ ကားမှောက်မသေရင်တောင် သူ့သေနေ့စေ့ရင် တခြားနည်းနဲ့ သေမှာပဲ။"

ဟင်ဒီက ဆွေးဆွေးမြေ့မြေ့ ပြောသည်။ သူ့ပုံစံက အရာအားလုံး အရှိကိုအရှိအတိုင်း လက်ခံထားနိုင်သူ တစ်ယောက်နဲ့ တူ၏။

"လူတိုင်းကတော့ မင်းအမေလို ဘယ်ဟုတ်ပါ့မလဲ။ လူတစ်မျိုး စိတ်တစ်ဖုံပဲ။ လူတိုင်းကို ပုံစံတူလို့ လိုက်တိုင်းတာလို့ မရဘူး။ တစ်မအေတည်း မွေးတဲ့ မောင်နှမ အရင်းတွေတောင် အကျင့်စရိုက်မတူတာတော့ ထည့်တွေးပေါ့။"

ဟင်ဒီ ပြောတဲ့ စကားတွေကို ကျွန်တော့်မှာ ပြန်ချေပစရာ စကားမရှိ။ အရာရာက နည်းလမ်းကျပြီး မှန်နေသည်လေ။ ကျွန်တော် ခပ်ဆိတ်ဆိတ်နေလိုက်မိတဲ့အခါ ဟင်ဒီက ကျောကို နှစ်ချက် အသာပုတ်၍ မတ်တပ်ထရပ်၏။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now