4

261 56 10
                                    

[Unicode]

ထန်ရွှီ ထန်ချော့ကိုစတွေ့ခဲ့သည့်အချိန်မှာ သူ တက္ကသိုလ်တက်နေချိန် တောင်ပေါ်ဒေသများသို့ လုပ်အားပေး စာသွားသင်ရင်းဖြစ်ပြီး ထန်ချော့ကို ထိုနေရာမှ ဆွဲထုတ်လာခဲ့သူကလည်း သူကိုယ်တိုင်သာ။

ထန်ရွှီအဘိုးက ဝါရင့်အထူးလေ့ကျင့်ရေးစစ်သားဖြစ်ပြီး ဆုတံဆိပ်ပေါင်းများစွာလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ့နိုင်ငံချစ်စိတ်က ရရှိထားသည့်ဆုတံဆိပ်များထက် ကြီးမားလှတာမို့ ဘဝတစ်လျှောက်လုံး လူတိုင်းအပေါ်လည်း သနားကူညီပေးနေခဲ့သည်။ ထန်ရွှီမှာ ငယ်စဉ်အရွယ်ကတည်းက ဘဝကောင်းတစ်ခု၌ ကြီးပြင်းနေထိုင်ခဲ့ရတာဖြစ်သည်။ သူက သူ့အဘိုးရဲ့လွှမ်းမိုးမှုများ ခံထားရသည်ဆိုပေမယ့် သူ့အဘိုးရဲ့ကြင်နာသနားစိတ်ကိုတော့ အမွေဆက်ခံဖို့ အဝေးကြီးမှာပင်။ သူ့အဘိုး သူ့ကို တောင်ပေါ်ဒေသများတွင် စာသွားသင်ပေဖို့ အမိန့်ပေးခဲ့စဉ်က သူ အချိန်တစ်ခုထိ သူ့သူငယ်ချင်းများထံ ညီးတွားနေခဲ့သေးသည်။ သို့ပေမယ့် နည်းလမ်းမရှိနေခဲ့။ သူ့အဘိုးက မိသားစုထဲ အသက်အကြီးဆုံးဖြစ်တာမို့ အသက် ၂၀ မျှသာရှိသေးသည့် ထန်ရွှီမှာ အထုတ်အပိုးများပြင်၍ သာမန်လုပ်အားပေးသမားများတောင် မသွားလောက်သည့် တောင်ပေါ် အစွန်အဖျားရှိရွာလေးကို လုပ်အားပေးသွားရတော့သည်။

သူနှင့်အတူ ကောင်မလေးတစ်ယောက်လည်းပါပြီး သူ့နာမည်က ဟန်ကျစ်ဝေဖြစ်သည်။ ထန်ရွှီနှင့်မတူသည်က ဟန်ကျစ်ဝေမှာ လုပ်အားပေးပေါင်းများစွာ ပါဝင်ဖူးထားပြီး ဒီတစ်ခေါက် ထန်ရွှီနှင့်အတူ ဒီလမ်းခရီးကိုလိုက်လာခြင်းကလည်း လုပ်ပေးသင့်တယ်ဆိုသည့်တာဝန်ယူမှုနှင့် စိတ်ထားကောင်းမှုကို အခြေခံပြီးတော့သာ။

ထိုရွာလေးက တောင်၏အတွင်းကျကျနေရာတွင် တည်ရှိပြီး လမ်းကောင်းတစ်ခုတောင် မရှိနေ။ သူတို့နှစ်ယောက် သုံးဘီးကားစီး၍ ရွာလေးထံသွားနေတာဖြစ်ပြီး သွားနေသည့်လမ်းတစ်လျှောက်လုံး ကျောက်ခဲများပေါ် ဖြတ်နင်းရင်း တုန်ခါနေတာမို့ ထန်ရွှီစိတ်ထဲ အမေတပြီးဆဲချင်စိတ်များပေါ်လာတော့သည်။ သူတို့ ထိုနေရာသို့ရောက်ချိန် သူတို့ကိုယ်တွင်းအင်္ဂါများမှာ အကြိမ်ရှစ်ရာလောက် ကျွမ်းထိုးပြီးပုံပေါ်လှသည်။

Si Xu Wan Qian ||Myanmar Translation|| Where stories live. Discover now