စိတ်ရှိတိုင်း မှတ်တမ်းယူနေတုန်း ဖျက်ခနဲ ပွင့်လာတဲ့ အိမ်တံခါးမနဲ့အတူ ကောင်လေးတစ်ယောက်ထွက်လာတယ်။ ကင်မရာ ခလုတ်ကို အော်တိုနှိပ်မိတော့ ' ဖျက်' ထွက်လာတဲ့ အသံနဲ့အတူ ဝိုင်းခနဲ ဖြစ်သွားတဲ့ မျက်လုံးလေးတွေ။

ရုတ်တရက်မို့ နှစ်ဖက်လုံး ကြောင်အ,သွားတုန်းမှာပဲ ကောင်လေးက အရင် သတိဝင်လာပြီး ခြံထဲကို ဆင်းလာကာ တံခါးဝအထိ လျှောက်လာနေပြီ။

ပိုင်ရှင်ထင်တယ်၊ ဘယ်လိုလုပ်ရမလဲ၊ ပိုင်ရှင်မသိဘဲ ရိုက်ထားမိတဲ့ ပုံတွေက မိနစ်ပိုင်းအတွင်း ပုံ ၅၀ ထက် မနည်း ရှိနေပြီမလား။

အခု သူ့ပုံကိုတောင် ရိုက်မိသွားသေးလား မသိ၊ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။

အတွေးပေါင်းစုံတွေးမိရင်း အကြောင်းပြချက်ပေးဖို့ အသည်းအသန် စဉ်းစားမိနေတာက ထိုပိုင်ရှင်ကောင်လေး အနားရောက်မလာခင်အထိ။

" ခရီးသွားထင်တယ်၊ ပန်းပင်ကြည့်ချင်လို့လားဗျ "

ကြည်လင်တဲ့ အသံလေးနဲ့အတူ ခြံဝန်းတစ်ဖက်ကနေ ပြောလာတာမို့ ကင်မရာကို ချလိုက်ရင်း ..

" ဟို .. ဟုတ်၊ ဒီနားလျှောက်ကြည့်ရင်း ခြံဝင်းလေးက လှတာနဲ့ ခွင့်မတောင်းဘဲ ဓါတ်ပုံရိုက်မိသွားတယ် "

" ဪ၊ ရပါတယ်။ ဓါတ်ပုံရိုက်ချင်ရင် ခြံနောက်မှာ ပန်းခင်းရှိသေးတယ်။ ဝင်ကြည့်ချင်လား "

ပြောပြောဆိုဆို ခြံတံခါးပါ ဖွင့်ပေးလာတာမို့ အံ့ဩသွားရသူက ကိုယ်ရယ်သာ။

ဘယ့်နှယ့်၊ အခုမှ ပထမဆုံး မြင်ဖူးတဲ့သူကို လူကောင်းမှန်းမသိ၊ လူဆိုးမှန်းမသိ ခြံထဲဝင်ခွင့်ပေးနေတာက ဒီကောင်လေး အကြောက်အလန့်မရှိဘူးလား။

ဝင်ရနိုးနိုး မဝင်ရ နိုးနိုးဖြစ်နေပေမယ့် သူက တံခါးဖွင့်ပြီး ဘေးနားကပ်ပေးတာမို့ ခြေလှမ်းတွေက အလိုလို ခြံထဲသို့ ဦးတည်လျှက်သား ..

" ဟို .. ကျွန်တော် ဝင်လာလို့ ဖြစ်ပါတယ်နော် "

အတည်ပြုသလို ခွင့်တောင်းမိတော့ လက်ကလေးက ခြံထဲကို ပြတယ်။

Say I Love YouWhere stories live. Discover now