သူ ဧည့်ခန်းထဲသို့ လှမ်းဝင်လိုက်တော့ နေးလ်က မော့ကြည့်လာပြီး သူ့ထုံးစံအတိုင်း ခပ်နွေးနွေးပြုံးပြ၏။

"အကို အလုပ်များနေတာလားမသိဘူး..."

"မများပါဘူး ပုံမှန်ပါပဲ..."

သူ တုံ့ပြန်ပြောရင်းဖြင့် ဆိုဖာ၌ ဝင်ထိုင်လိုက်သည်။

"ကျွန်တော် ရောက်ချလာတော့ အံ့သြနေမှာပေါ့..."

"အင်း! နည်းနည်းပေါ့..."

ရှင်းခန့်၏ မပွင့်တပွင့်ဟန်ပန်အား နေးလ်က အကဲခတ်သလိုကြည့်လိုက်ပြီးမှ...

"ကျွန်တော် ဒီကိုရောက်လာတာ အကို့အတွက်အနှောင့်အယှက်များ ဖြစ်သွားသလားမသိဘူး..."

နေးလ်၏ ထပ်ပြောလာသောစကားကြောင့် သူ အားနာမိသွားရသည်။ဘာဖြစ်ဖြစ် ကိုယ့်ဆီလာတဲ့ဧည့်သည်မဟုတ်လား။ပါတီညကလည်း ကိုယ့်ကိုကာကွယ်ပေးခဲ့သူမို့ သူ့ဖက်က လှိုက်လှိုက်လှဲလှဲဖြစ်နေသင့်ရဲ့နဲ့။

"ဟာ အဲ့လိုမဖြစ်ပါဘူး ဆောရီးပါ ကိုယ် နည်းနည်းအတွေးများနေလို့ပါ..."

သူ နေးလ်အား အားနာစွာပြောပြီးမှ...

"တကယ်ဆို ကိုယ် မင်းကိုကျေးဇူးတင်နေမိတာပါ..."

သူပြောတော့ နေးလ်၏မျက်ခုံးတန်းတို့ နားမလည်နိုင်သလို မြင့်တက်သွား၏။

"ဟိုညက...."

ရှင်းခန့်ကပြောရင်းဖြင့် စကားကို တစ်ပိုင်းတစ်စရပ်ပစ်လိုက်တော့ နေးလ်က နားလည်စွာဖြင့်ခေါင်းဆတ်၏။

"သြော်! အဲ့ဒီကိစ္စလား..."

"အင်း! တကယ်ကျေးဇူးပါ..."

"အဲ့ဒါအတွက်ဆိုရင်တော့ ကျေးဇူးတင်ဖို့မလိုပါဘူး ကျွန်တော်က ကျွန်တော်လုပ်သင့်တယ်ထင်တာကို လုပ်လိုက်တာပါ။ပြီးတော့ အဲ့ဒီမိန်းကလေးရဲ့ သဘောထားကိုလည်း မကြိုက်လို့..."

သူ့၏စကားကြောင့် ရှင်းခန့်က အံ့သြသလိုမျက်လုံးတို့ဖြင့် ဝင့်ကြည့်လာလေသည်။ထိုအခါမှ သူ ပြာပြာသလဲဖြစ်သွားရသည်။

"ဟို အကိုတို့ပြောနေတာတွေကို ကျွန်တော်တမင်ရည်ရွယ်ပြီး နားထောင်ခဲ့တာမဟုတ်ပါဘူး။မထင်မှတ်ပဲကြားခဲ့တာပါ"

Wild  Rose(complete)Where stories live. Discover now