အစ်ကိုထွင်း၏ ပုတုန်းရောင် ဆံနွယ်ရှည်များကို မနှမြောဘူးလားရယ်လို့ မေးလာလျှင် နှမြောတာပေါ့လို့ ခပ်မြန်မြန်ဖြေမိမည်ပင်။ သို့ပေသော်လည်း ဘာအရေးလဲ။ အစ်ကိုထွင်းသည်သာ အဓိက၊ အစ်ကိုထွင်းသည်သာ အခရာပင်။ အစ်ကိုထွင်းသာ ထိုဆံနွယ်တို့အား ရှုပ်ထွေးသည်ဟု ထင်မြင်ပါလျှင် သူသည်လည်း သံယောဇဉ်တွယ်နေ၍မဖြစ်ပေ။

ထိုဆံနွယ်ရှည်များကို အစ်ကိုထွင်းအဖွား ထိပ်တန်းအက္ခရာဆုံးပါးသွားချိန်မှစ၍ စတင်အရှည်ထားခဲ့သည်ဟုဆိုသည်။ အကြောင်းမှာမူ အဖွားဖြစ်သူ၏ နေရာလပ်အား သူအစားထိုးယူပေးမည်ဟု တေးမှတ်ကာ မိန်းကလေးအသွင်ပြောင်းယူခဲ့ခြင်းပင်။ ထိုအချိန်က အစ်ကိုထွင်းဘယ်လောက်တောင် ပင်ပန်းခက်ခဲနေလိုက်မလဲလို့ တစ်ခေတ်မောင် မှန်းဆမိသည်။ ယောက်ျားတစ်ယောက်ဖြစ်လျက်နှင့် အမျိုးသမီးအသွင် နေထိုင်ဖို့ရာ ဆုံးဖြတ်လိုက်ခြင်းသည် မည်မျှပင် ပင်ပန်းလိုက်မည်နည်း။ အခြားသူများအတွက် အာလုပ်စကားဟုသတ်မှတ်၍ရသော စကားတစ်လုံးအား အစ်ကိုထွင်းက ကတိစကားတစ်ခုအဖြစ် မှတ်ယူကာ တည်တံ့လေအောင် ထိန်းသိမ်းခဲ့သည်။ *ဘွားဘွားရဲ့ ခေါင်း၊ခါး၊ခြေ၊လက် အသွယ်သွယ်ဖြစ်ပေးပါ့မယ်*ဟူသော စကားကလေးတစ်ခွန်းတည်းကိုပင် နှစ်ပေါင်းများစွာတည်တံ့လေအောင် ထိန်းသိမ်းခဲ့သည်လေ။

ပြီးနောက် ညီမငယ်ထွေးအတွက် ဇာတ်စင်ပေါ်တွင် ဇာတ်မင်းသမီးအဖြစ် အချိန်များစွာကြာအောင် နေရာယူနေခဲ့သည်လေ။ ကရခုန်ရသည်ကို နှစ်သက်သည့် အစ်ကိုထွင်းသည် အမျိုးသမီးသကဲ့သို့ ဝတ်စားဆင်ယင်ရသည်ကိုတော့ ကြိုက်မယ်မထင်ပါ။ အစ်ကိုထွင်းသာ မနှစ်သက်လျှင် တစ်ခေတ်မောင်သည်လည်း နှစ်သက်စရာအလျင်းမရှိ။ ဆံနွယ်ရှည်များသည်လည်းထိုကဲ့သို့ပင်။ ထိုဆံနွယ်များမှာ အစ်ကိုထွင်း မနှစ်မြို့ဘဲ ဖန်တီးယူထားရသည်များဖြစ်သည်ကြောင့် ညှပ်ထုတ်လိုက်သည်က ပို၍မကောင်းပေဘူးလား။ အစ်ကိုထွင်းပြောခဲ့သည်ကို သူကောင်းကောင်း မှတ်မိနေပါသေးသည်။

*မောင့်အတွက်လို့ ရည်ရွယ်ပြီး နောက်တစ်ခါပြန်အရှည်ထားမယ်ဆိုရင်ရော ဖြစ်သလား....*

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now