သူက စိတ်ရှုပ်ဟန်ဖြစ်သွားပြီးမှ
"သြော် ဟုတ်လား။"

"အင်း ကျွန်တော်လည်းဖုန်းဆက်မလို့ပဲ၊ ဖုန်းနံပါတ်ကို မေမေကလည်း မထားခဲ့တာနဲ့.."

"အာ...ရပါတယ်။ ဒါနဲ့ ဒီနားမှာ ဆိုင်ကယ်ကယ်ရီရှိလား။ ဖုန်းနံပါတ်ဖြစ်ဖြစ်ရှိရင် အစ်ကို့ကိုပေးပါလား။"

တွေ့လား။ သည်လူက ဘယ်လောက်တောင်မာနကြီးလိုက်သလဲ။ ကျွန်တော် ကိုယ်တိုင် သူ့ရှေ့ရပ်နေတာတောင် ကျွန်တော့်ကို အကူအညီတစ်ချက်မျှမတောင်း။ အမှန်တိုင်းဆိုရလျှင် ကျွန်တော်နေသည့်ရပ်ကွက်က လူကုံထံရပ်ကွက်ဟု ဆိုနိုင်သည်မို့ ဆိုင်ကယ်ကယ်ရီ ခေါ်ကြလေ့မရှိသည့်အပြင် အနီးအနားမှာလည်း မရှိပါ။ ထို့ကြောင့် အမှန်အတိုင်း သူ့ကို မရှိကြောင်း ပြောလိုက်သည့်တိုင် ကျွန်တော့်ကို အကူအညီတောင်းခြင်းမပြုဘဲ လမ်းလျှောက်ပြန်မည့် ဟန်ပြင်နေလေသည်။

"ဒါဆို အစ်ကိုပြန်လိုက်ဦးမယ်။"

"ဘာနဲ့ပြန်မှာလဲ။ ကိုမိုးစစ်ဟန်!"

"ဒီတိုင်း...လမ်းလျှောက်ပဲ ပြန်လိုက်ပါ့မယ်။"

ဒီတစ်ခါတော့ ကျွန်တော်စိတ်တိုသွားရပါသည်။ ထို့ကြောင့်အသံမာမာနှင့် သူ့ကိုပြန်ပြောမိလိုက်သည်။
"ကျွန်တော်လိုက်ပို့မယ်။"

လက်ခံလိုဟန်မရှိသောသူက
"ရပါတယ် အစ်ကို..."

"မရဘူး ဖုန်းမဆက်ဖြစ်တဲ့ ကျွန်တော့်အမှားကြောင့် ကျွန်တော်ပဲပို့မယ်"
ပြောပြီးသည်နှင့် သူ့ စကားပြန်ကိုမစောင့်ဘဲ အိမ်ထဲဝင်၍ သော့ယူကာ ဆိုင်ကယ်ဦးထုပ်နှစ်လုံးပါ ဆွဲယူလာလိုက်သည်။ သူလည်းထပ်မငြင်းတော့ဘဲ အသာတကြည် လိုက်ပါလာသည်။
ဆိုင်ကယ်မောင်းနေရင်း သူပြောသည့် ချမ်းမြ ရပ်ကွက်ကို တိုက်ရိုက်မမောင်းဘဲ ကျွန်တော် စူဠာမုဏိ ဘုရားပေါ်သွားရန် ဦးတည်လိုက်သည်။ ဦးတည်ချက်ပြောင်း၍ မောင်းနေသည်ကို သတိထားမိသောသူက
"သင်္ကြန် မင်း လမ်းမှားနေတယ် ထင်တယ်"

ဒါသူ့နှုတ်ဖျားက ထွက်ပေါ်လာသည့် ပထမဆုံးအကြိမ် ကျွန်တော့်နာမည်လေးပါ။ ကျွန်တော် အမြဲ အလိုမကျဖြစ်နေရသော ကျွန်တော့် နာမည်လေးက သူ့ရဲ့သြရှရှအသံလေးအောက်မှာ ပြည့်စုံသွားသည်လဟု ခံစားလိုက်ရတယ်။
"မမှားဘူး။ ကျွန်တော်ဗိုက်ဆာလို့ တစ်ခုခုအရင်သွားစားရအောင်။"

OPPOSITE { Edited Version } Where stories live. Discover now