"သူဌေးလေး...သည်မယ် ကားရပ်ထားတာလည်း ကြာလှပြီ...ပြန်ကြမလား..."

ကားမောင်းသူ၏စကားအား မကြားသလို ဟန်ဆောင်လျက် ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည်။ ဖရိုဖရဲဖြစ်နေလေသော အငြိမ့်သဘင်အိမ်ကြီးမှာ သူ့မျက်စိရှေ့တွင် ရှိနေလေ၏။ တစ်ကြိမ်တစ်ခါက နွေးထွေးကောင်းမွန်ခဲ့ဖူးမည့် အငြိမ့်သဘင်အိမ်ကြီးမှာ လက်သည်ဖြစ်သော သူ့ကြောင့် ဖရိုဖရဲဖြစ်ကုန်ချေပြီ။ သူဌေးလေး မင်းဇေတမှာ ဟင်းခနဲ သက်ပြင်းချလျက် သြရှရှအသံဖြင့် တစ်ခွန်းမျှသာ အမိန့်ပေးလိုက်လေတော့သည်။

"မေမြို့ကို ပြန်မယ်...."

ထို့နောက်တွင်တော့ ထိုကားကလေးမှာ မြန်လှသောအလျင်ဖြင့် ထွက်ခွာသွားလေတော့သည်။

#######

ကုတင်ထက် သတိမကပ်သေးသော အစ်ကိုထွင်းပျင်းမနေဖို့ရာ သဘင်အိမ်မှ ကက်ဆက်ကလေးတစ်လုံး ဆွဲယူလာခဲ့လိုက်သည်။ ဟောင်းနေပြီဖြစ်သော အရောင်ညစ်ညစ်နှင့် ကက်ဆက်ကလေးမှာ ကုတင်ခေါင်းရင်းဘေး စားပွဲကလေးပေါ်တွင် တည်ရှိနေသည်။ တစ်ခေတ်မောင်မှာ ကက်ဆက်ဟောင်းကလေးမှ လွင့်ပျံလာသော မကြည်လင်သည့် သီချင်းသံအား လိုက်လံညည်းလျက် အစ်ကိုထွင်း၏ လက်သွယ်သွယ်များအား ရေပတ်တိုက်ပေးနေလေ၏။

"~~~လေနှင်ရာ လွင့်ရအုန်းမဲ့ ဘဝပါ~~~
~~~တော်ရာကို သွားနေရမဲ့ဘဝပါ~~~
~~~အချစ်ဆုံးရေ မောင်နဲ့ လိုက်အုန်းမလား~~~

~~~မနေချင်မှန်းသိရက်နဲ့လည်း ခေါ်မိတယ်လေ~~~
~~~မလာချင်မှန်းသိရက်နဲ့လည်း မျှော်မိတယ်လေ~~~
~~~အချစ်ရေ သည်လိုပဲလေ~~~"

လေလှိုင်းမှသည် လွင့်ပျံနေသော ကိုလွှမ်းမိုး၏ သီချင်းကလေးအား ခပ်တိုးတိုး ညည်းဆိုနေမိသည်။ အစ်ကိုထွင်း၏ မျက်နှာနုနုကလေးအား ငေးလို့ သီချင်းကလေးညည်းကာ လည်ပင်းတစ်ဝိုက်ကိုလည်း ခပ်စိုစို ရေပတ်ဝတ်ဖြင့် ရေပတ်တိုက်ပေးနေမိ၏။

"~~~အတူနေဖို့ မဖြစ်နိုင်တော့တဲ့ ဘဝအခြေ~~~
~~~အကြင်နာတွေ ဖိတ်စင်လွင့်ထွက်ပေါ့မေ~~~
~~~မောင့်အသည်းတွေ လမ်းခင်းလို့နင်းစေ~~~

~~~မဆိုချင်တဲ့ သီချင်းလေးတွေလည်း ဆိုမိတယ်လေ~~~
~~~မငိုချင်တဲ့ မောင့်မျက်ရည်လည်း ငိုမိတယ်လေ~~~
~~~အချစ်ရေ သည်လိုပဲလေ~~~"

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now