"ဘာကြောင့် အစ်ကိုထွင်း ကျုပ်ကို ရွေးချယ်ခဲ့သလဲ ကျုပ်မသိဘူး....သို့ပေမဲ့ အစ်ကိုထွင်း ရွေးချယ်မှုမမှားလေအောင် ကျုပ်က အစ်ကိုထွင်းကို အစွမ်းကုန်ချစ်ပေးမှာ...ခင်ဗျားတောင် မတွေးထားဖူးတဲ့အထိပေါ့...."

"မင်း!!!!"

ထူးမော်မှာ လက်ကို ကျစ်နေအောင် ဆုပ်ထားလျက် တစ်ခေတ်မောင်အား ထိုးရန်ရွယ်ထားလိုက်မိတော့သည်။

"ထူးမော်!!!! ရွယ်ထားတဲ့လက်ကို ချလိုက်!!!"

ဆရာရသ၏ အမိန့်ပေးသံသြသြနောက် ထူးမော် အံကိုကြိတ်၍ ရွယ်ထားသည့်လက်အား ပြန်ချလိုက်သည်။ ထိုလက်များအား ပြန်ချထားလိုက်သည့်တိုင် တင်းကြပ်စွာ လက်သီးဆုပ်ထားမြဲဖြစ်၏။

"ကျုပ် ရေမိုးချိုးပြီး ဆေးရုံဆီ ပြန်သွားတော့မယ်....အစ်ကိုထွင်း သတိရလာတဲ့အခါ အားလုံးထက် သူ့ချစ်သူဖြစ်တဲ့ ကျုပ်ကိုပဲ ပထမဆုံးမြင်စေချင်တယ်...."

ခပ်ပြတ်ပြတ်ပြောပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားလေသော တစ်ခေတ်မောင်အား ကျန်သူအားလုံး မျက်စိတစ်ဆုံး လိုက်ကြည့်နေမိကြသည်။ လူရွှင်တော်အစ်ကိုကြီးများမှာလည်း ပြောစရာစကားများ ​ပျောက်ရှနေလျက်။ မယုံနိုင်လောက်ဖွယ်ဖြစ်လေသော်လည်း တရင်းတနှီးချစ်ခင်ရင်းနှီးခဲ့လေသော တစ်ခေတ်မောင်နှင့်အက္ခရာတို့၏ ပုံရိပ်များအား ပြန်မြင်ယောင်လာချိန်၌ သက်ပြင်းဖွဖွချကာ ခေါင်းသာငြိမ့်မိတော့သည်။

မွှေးတစ်ယောက်မှာတော့ အများနှင့် ကွဲထွက်စွာ ခေါင်းချည်းသာ ငုံ့နေ၏။ တစ်ခေတ်မောင် အစ်ကိုထွင်းအား ချစ်မြတ်နိုးကြောင်း ပြောချိန်တွင်သာ အံ့သြမှုအပြည့်ဖြင့် တစ်ချက်မော့ကြည့်လာ၏။ ပြီးနောက် ပြန်လည်ခေါင်းငုံ့သွားကာ အကြောင်းအရင်းမရှိ လက်နှစ်ဖက်ကိုသာ ပွတ်သပ်နေရင်း မျက်ရည်များကျနေလျက်။ အံ့သြမှုအတွေးများစွာဖြင့် အလုပ်များနေသော အဖွဲ့သားများမှာ မူပျက်နေသော မွှေးအား သတိမထားမိပါချေ။

ဟယ်ရင်တန်ထူးမော်မှာတော့ တောက်ပြင်းပြင်းခေါက်ကာ ထွက်ခွာသွား၏။ အိမ်ဝန်းကြီးထဲမှ ခြေသံပြင်းပြင်းဖြင့် ထွက်ခွာသွားကာ ခြံရှေ့တွင် ရပ်ထားသော ကိုယ့်ကားထဲဝင်၍ မောင်းထွက်သွားလေတော့သည်။ ကမူးရှူးတိုးဖြစ်နေလေသော ထူးမော်မှာ လမ်းတစ်ဖက်ခြမ်းတွင် ရပ်ထားလေသော ကားတစ်စီးကိုတော့ဖြင့် ဂရုမထားမိခဲ့ပါချေ။ ဖြစ်အင်အစအဆုံးအား မြင်တွေ့လိုက်ရသော ပြတင်းပေါက်ဘက်သို့ မျက်နှာမူထားသည့် ထိုလူ့မျက်နှာထက် ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုဖြစ်တည်သွားလျက်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now