မကြာမီ ကျွန်တော် စတင်ငိုက်ပါတော့သည်။ နိုးတစ်ဝက်၊ ငိုက်တစ်ဝက် အချိန်တော်တော်ကြာသည်အထိ ဖြစ်နေပြီးမှ လုံးဝ နှိုးလာတော့ မိုးစစ်ဟန်က ညီမလေးကို စာတွက်ခိုင်းထားပြီး သူကတော့ စာဖတ်နေသည်ကို တွေ့လိုက်ရသည်။ စာအုပ်နာမည်ကို ခိုးကြည့်လိုက်တော့ ^မင်းခိုက်စိုးစံ၏ သုည^ ဆိုသည့် စာအုပ်ပင်။
နာရီကိုကြည့်လိုက်တော့ ကိုးခွဲနေပြီ။ ဖုန်းဖွင့်လိုက်တော့ မေမေ ပို့ထားသည့် မက်ဆေ့ချ်ကိုတွေ့လိုက်ရသည်။
^သား မေမေ မင်းဖေဖေနဲ့မှပြန်လာမှာမို့ နောက်ကျမယ်။ ညီမလေးကိုစောင့်ပေးလိုက်ဦး။ သွားမရှုပ်နဲ့နော်။ သင်္ကြန်^

စောင့်ပေးလွန်းလို့ ကျွန်တော့်  အကြောတွေတောင် ထုံကျင်နေပြီ။ ထိုစဉ်မိုးစက်၏အသံ ထွက်ပေါ်လာသည်။
"ဆရာပြီးပြီ ရှင့်"

ထိုးပေးလာသော စာအုပ်ကို မိုးစစ်ဟန်က လှမ်းယူကာစစ်ပြီးနောက်
"ဒါဆို ဒီနေ့တော့ ဒီလောက်ပဲ။ Bio chapter-4 နွေးထားပါ။”

"ဟုတ်ဆရာ"

ကျွန်တော့်ကို ဖုတ်လေတဲ့ငပိရှိတယ် ထင်ဟန်မတူ တစ်ချက်မျှမကြည့်ဘဲ ထွက်သွားသောသူ နောက်သို့ ကျွန်တော်လိုက်သွားမိကာ
" ကိုမိုးစစ်ဟန်… ခင်ဗျား ဘယ်လိုပြန်မှာလဲ။ ကျွန်တော်လိုက်ပို့မယ်လေ"

မိုးစစ်ဟန်က ကျွန်တော်ကို ရှုတည်တည်ကြည့်ကာ
"ရတယ်… ကျွန်တော့် သူငယ်ချင်းလာကြိုမှာမလို့ မလိုဘူးဗျ"

ရွဲ့နေဟန်မဟုတ်ဘဲ တရိုတသေ အငြင်းခံရသည့်ခံစားချက်က ကျွန်တော့်ကို တနုံ့နုံ့ဖြစ်စေသည်။
"ဒါနဲ့ ခုနက ဘာလို့ ကျွန်တော့်ကို စာသင်တဲ့ဘေးမှာထိုင်ခိုင်းတာလဲ"

"သြော်… ဒါလား မင်းကမင်းညီမလေးကို စိတ်မချလို့ လာကြည့်နေတာမလား။ မင်း ခဏခဏ လမ်းဖြတ်လျှောက်နေတော့ သူ စိတ်လွင့်မှာစိုးလို့ ခေါ်ထိုင်လိုက်တာ။"

တည့်တိုးပြောချလိုက်သောကြောင့် ကျွန်တော် အာစေးမိသလို ဖြစ်သွားသည်။ ဂိုက်ပြမည့်သူက သူမှန်းသိကတည်းက အစောပိုင်းအတွေးများက ပျံ့လွင့်နေပြီးသားဖြစ်သည်။ ဒါဆို ဘာကြောင့် ကျွန်တော် သူတို့စာသင်တာကို စပ်စုနေမိမှန်း အဲသည့်ချိန်တုန်းက သေချာမသိခဲ့ပါ။

OPPOSITE { Edited Version } Where stories live. Discover now