"မိုးစက်!"
ကျွန်တော် အသံမာမာနဲ့လှမ်းအော်လိုက်တော့ ထိုဂိုက်ဆရာလေးပါ လှည့်ကြည့်လာသည်။ ကျွန်တော့် လက်ထဲက ပန်းသီးပန်းကန်ကို မပြုတ်ကျအောင် သေချာထိန်းလိုက်ရသည်။ အကျိုးနည်း ဒါ မိုးစစ်ဟန် မဟုတ်လား။ ဘာလို့ သူက ဂိုက်ဆရာလဲ။
"ခင်ဗျား...!"
"မင်း…!"
သူကလည်းအံ့သြသွားပုံရသည်။ ပြီးမှ ကျွန်တော့်ကို မျက်နှာလွဲ၍ မိုးစက်ကို မေးလေသည်။
"သူက…?"
"သူက သမီးအစ်ကိုပါ ဆရာ!"
"သြော်" ဟု အာမေဍိတ်ပြုကာ ကျွန်တော့်ကိုလှည့်မကြည့်ဘဲ စာဆက်ရှင်းနေလေသည်။ ကျွန်တော်ကတော့ ပန်းသီးပန်းကန်ကိုကိုင်ကာ အထဲဝင်ရမလို၊ ထွက်ရမလိုဖြစ်နေဆဲ သူကထလာပြီး ပန်းသီးပန်းကန်ကို ယူကာ
"ဒါလာပေးတာမလား။ သွားလို့ရပြီ"
ကိုယ့်အိမ်ပေါ် ကိုယ်နေပြီး နှင်ထုတ်ခံရသောကြောင့် စိတ်တိုသွားသော်လည်း ဘာမှမပြောတော့ဘဲ ထွက်လာလိုက်သည်။ ထို့နောက်ထွဋ်ခေါင်ကိုဖုန်းလှမ်းဆက်ကာ
"အေး ငထွဋ် ငါ မလာဖြစ်ဘူး။ မင်းမျှော်မနေနဲ့။"
"ဟင်ဘာလို့လဲကွ။ မင်းအိမ်က မလွှတ်ဘူးလား"
"မဟုတ်ဘူး၊ မလာချင်လို့ကွာ။ ရှင်းပြီလား ဒါပဲ!"
အရစ်ရှည်နေသော ထွဋ်ခေါင်ကို စကားစဖြတ်ပြီး ဖုန်းချကာ ဘုရားခန်းရှေ့သွား၍ တံခါးအကွယ်မှ စပ်စုနေလိုက်သည်။ ထို့နောက် အငြိမ်မနေဘဲ ကူးချည်သန်းချည်လုပ်နေသော ကျွန်တော့်ကို မိုးစစ်ဟန်ဆိုသောသူက ဘုရားခန်းထဲမှ ထွက်လာ၍ လက်ကိုဆွဲကာ မိုးစက်ဘေးနားကို ခေါ်သွားပြီး ထိုင်ခိုင်းလေသည်။
"မင်း ဒီမှာထိုင်နေ…"
"ဘာလို့လဲ? ဘာလို့ထိုင်ရမှာလဲ?"
အဖြေအစား အကြည့်စူးစူး တစ်ချက်ကိုသာ ပြန်ရလိုက်သည်မို့ ထပ်မမေးဖြစ်တော့ဘဲ ဆက်ထိုင်နေလိုက်သည်။ မိုးစက်ကတော့ နားမလည်ဟန် ပြူးကြောင်ကြောင်ကြည့်နေသည်။ သူ စာရှင်းပြနေပုံကို အသေးစိတ် လိုက်ကြည့်နေမိသည်။ မိုးစစ်ဟန်က ယခုမှကျောင်းပြန်လာသည့်ဟန် ဖြစ်ပုံရကာ ကျောင်းဖြူ နှင့်အပြာကို သာဝတ်ဆင်ထားသည်။ ပြောရလျှင် လူတယောက်က ဘာကြောင့်များ သည်လောက်သပ်ရပ်နေရတာပါလိမ့်။ အကယ်၍ ကျွန်တော် ကျောင်းပြန်ချိန် စာဝင်သင်ရမည်ဆိုပါက သည်လို သပ်ရပ်ကျော့ရှင်းနေမည်မဟုတ်။ တစ်နေကုန်ပူအိုက်နေသောကျောင်းတွင် စာသင်ပြီးနောက်တွင်တော့ အနည်းဆုံး ဖိုသီဖက်သီတော့ ဖြစ်နေမှာပဲ။ ယခုကျွန်တော်ရှေ့တွင် စိတ်ပါဝင်စားစွာ စာသင်နေသော မိုးစစ်ဟန် ဆိုသည့် လူတွင်တော့ ထိုထိုသော အရိပ်အရောင် တစ်စိုးတစ်စိမျှမတွေ့ရ၊ သက်တောင့်သက်သာပင်။
Part(2)Guide
Start from the beginning
