တဗျစ်တောက်တောက်ပြောပြီး ထွက်သွားသည့် မေမေ့ကိုကြည့်ရင်း ခိုးရယ်လိုက်မိသည်။

"ကိုကို ဘာရယ်နေတာလဲ။ တော်ကြာ မေမေ ထပ်ဆူနေမယ်"

"အမယ် နင်ကပဲပြောရသေး၊ ထားလိုက်တော့ သွားနားသွား။"

"ဟုတ်ကဲ့"

မိုးစက် အဆောင်က ထွက်လာခြင်းက ကျွန်တော်တို့ကို ထပ်ဆုံစေမဲ့အကြောင်းရင်းမှန်းသိခဲ့လျှင် အစကတည်းက အဲသည့်ကောင်မလေးကို အဆောင်က ခိုးထွက်ခိုင်းမိမှာပင်။

**********

"သား…လာဦး"

မေမေကမီးဖိုချောင်ထဲက လှမ်းခေါ်သည်။

"မေမေ ကျွန်တော် တစ်ပတ်လောက် ထွဋ်ခေါင် အဆာင်မှာသွားနေမလို့"

"ဟင် ထွဋ်ခေါင်က ဘယ်သူလဲ?"

ပန်းသီးလှီးရင်း မေမေ က ပြန်မေးသည်။

"အရင် သားထွက်လာတဲ့အဆောင်မှာ ကျန်ခဲ့တဲ့သူငယ်ချင်း မေမေမသိဘူး။"
မေမေက state ကျောင်းက ကျော်စွာတို့လောက်သာသိသည်မို့ အပြင်မထွက်ရသည့်အဆောင်က ထွဋ်ခေါင်ကိုတော့ မသိပါ။

"အေးအေး သွားသွား။ ခုတော့ ဘုရားခန်းဆီသွားပြီး ပန်းသီးပန်းကန် သွားပို့။ မေမေ သွားစရာရှိလို့"

"ဘုရားကပ်ရမှာလား"

"နင့်ကြီးတော်ကို ဘုရားကပ်ပါလား သင်္ကြန်။ ညနေရောက်နေပြီလေ။ အဲတာက အခု ဘုရားခန်းမှာစာသင်နေတဲ့ မင်းညီမနဲ့ ဂိုက်ဆရာအတွက်"

"ဟမ် ဂိုက်ဆရာဆိုတော့ ယောက်ျားလေးပေါ့၊ မေမေ!"
မေမေကတော့ ကျွန်တော့် အမေးကိုမစောင့်ဘဲ သုတ်တီးသုတ်ပြာ ထွက်သွားသည်။ ပန်းကန်ယူပြီး ဘုရားခန်းဆီသို့ တက်လာရင်း မကျေမနပ်တွေးမိပြန်သည်။ ဘယ်နှယ့်ဗျာ ဘယ်သူ့မှ စောင့်မည့်သူမရှိသည့် နေရာမှာ မိန်းကလေးနဲ့ယောက်ျားလေးကို အတူတူလွှတ်ထားစရာလား။ ယောက်ျားတွေက အသက်ကြီးလည်း ယုံရတာမဟုတ်ဘူး။ စိတ်ထဲ တဗျစ်တောက်တောက်တွေးရင်း ဘုရားခန်းဆီရောက်လာတော့ သူရှိရာဘက်ကို နောက်ကျောပေးပြီး စာရှင်းပြနေသော လူကိုမြင်လိုက်ရ၍ မေမေ့ကို ပိုစိတ်ဆိုးသွားသည်။ ဂိုက်ဆရာမဟုတ်ဘူး။ ဂိုက်ဆရာငယ်ငယ်လေးဗျ မေမေရဲ့!

OPPOSITE { Edited Version } Where stories live. Discover now