"ဒါပေမဲ့ ငါနင့်ကို ကျေးဇူးတင်တယ် မိုးစက်။ နင့်ကြောင့်ပဲ ငါတို့ပိုနီးစပ်ခွင့်ရခဲ့တာ"
"ဟုတ်တယ်နော်။ ညီမလေးသာ အဆောင်က ထွက်မပြေးလာရင် ကိုကိုတို့…"
ဆက်မပြောတော့ပေမဲ့ ဘာကို ဆိုလိုမှန်း ကျွန်တော် အတပ်သိပါသည်။
ထို့နောက်တွင်တော့ မိုးစက်၏မချိတင်ကဲ ရေရွတ်သံလေးက ထွက်ပေါ်လာသည်။
"ကိုကိုရယ်~~"
*********
ကျောင်းကပြန်လာတော့ ဧည့်ခန်းမှာထိုင်နေသည့် မသာမယာမျက်နှာနှင့် မေမေ့ကို ကျွန်တော်တွေ့လိုက်ရသည်။ တစ်ဆက်တည်းမှာပင် မေမေ့ရှေ့၌ တရှုံရှုံ ငိုနေသော ညီမလေးမိုးစက်ကြောင့် ကျွန်တော် စိတ်ပူသွားရပြန်သည်။ ထို့ကြောင့် မဆိုင်းမတွဘဲ မိုးစက်နားပြေးသွားကာ မေးမြန်းလိုက်သည်။
"မိုးစက်… ညီမလေး နင်ဘာလို့ငိုနေတာလဲ။ ဘယ်သူက နင့်ကိုဘာလုပ်လို့လဲ ပြောစမ်း ငါ့ကို!"
အမေးခံရသူ မိုးစက်ဆီက အဖြေမရဘဲ မေမေ့၏ပြစ်တင်ကြိမ်းမောင်းသံကိုသာ ကြားလိုက်ရသည်။
"ငါဆူလို့ဟေ့။ မင်းညီမက အဆောင်ကနေ ထွက်ပြေးလာတယ်လေ။ ကောင်းသေးရဲ့လား။ စာမေးပွဲဖြေဖို့က သုံးလလောက်ပဲ လိုတော့တာ။ အဆောင်ကလည်း ပြန်လက်ခံမှာမဟုတ်ဘူး။ အဲတာ အစ်ကိုကြီးဖြစ်တဲ့ မင်းကြောင့် သင်္ကြန်။ ညီမဖြစ်သူကို လမ်းစဉ်တွေပြခဲ့တာလေ!"
ကျွန်တော်ဘက်မြားဦးလှည့်လာသည်မို့ မေမေ့ကိုအချိုသတ်ရန်ကြိုးစားလိုက်သည်။
"ဟဲဟဲ…မေမေကလည်း မဆူပါနဲ့တော့။ ညီမလေးကလည်း မငိုနဲ့တော့ အဆောင်မှာ အဆင်မပြေလို့လား၊ ဟုတ်လား?"
မိုးစက်ဘက်သို့လှည့်မေးတော့ ကျွန်တော့်ကို အပြစ်ကင်းစွာ ခေါင်းညိတ်ပြသည်။
"မေမေရယ် ခုမှတော့ ဘယ်တတ်နိုင်မလဲ။ ဂိုက်တစ်ယောက်ခေါ်ပြီး အနီးကပ် စာပြပေးလိုက်ပေါ့။ မိုးစက်ကလည်း ဉာဏ်ကောင်းပါတယ်"
"အေး မင်းတို့မောင်နှမနှစ်ယောက်ပဲ အတိုင်အဖောက်ညီနေကြ။ တစ်ကတည်း စာမေးပွဲနီးရင် ဂိုက် ရှားတယ် ဟဲ့… အစ်ကိုကတစ်မျိုး၊ ညီမက တစ်မျိုးစီ ပြသာနာရှာကြတယ်။"
Part(2)Guide
Beginne am Anfang
