အခန်းထဲရောက်တော့ အပေါ်အင်္ကျီကို ခုတင်ပေါ်ပစ်တင်ပြီး ဝရန်တာသို့ ထွက်ကာ ဆေးလိပ်သောက်နေမိသည်။ ထိုစဉ် တံခါးခေါက်သံ နှစ်ချက်ဆီ၊ နှစ်ချက်ဆီ ဆက်တိုက်ထွက်ပေါ်လာသည်။ ဒါက ကျွန်တော်နှင့် ကျွန်တော့်ညီမလေး မိုးစက်၏ လျှို့ဝှက်ဆက်သွယ်ချက်လေးပါ ။ တံခါးခေါက်လျှင် နှစ်ချက်၊ နှစ်ချက်ဆီ ခွဲခေါက်ကာ သူမှန်းသိအောင် အချက်ပြသည့်သဘောပင်။

"ဝင်လာခဲ့… ဖွင့်ထားတယ်"

တံခါးဖွင့်သံကြားလည်း ကျွန်တော်လှည့်မကြည့်တော့ဘဲ ဆေးလိပ်ငွေ့တွေကိုသာ တရှိုက်မက်မက် ရှုထုတ်နေလိုက်သည်။ မိုးစက်က ကျွန်တော့်ဘေးလာရပ်ကာ
"ကိုကို့ကို အားကျနေပြီ။ ဘွဲ့ယူရတော့မယ်။ အာ ညီမလေးကတော့ လာမဲ့ Thesis တွေအတွက်ကြိုငိုနေပြီ"

တိုက်ရိုက်နှစ်သိမ့်ခြင်းမဟုတ်ဘဲ ဟာသောနှော၍ကျွန်တော့်ကို ပြောလာသော မိုးစက်အား တစ်ချက်ငဲ့ကြည့်လိုက်သည်။ မိုးစက်က အရင် ခြောက်နှစ်တုန်းကလို မျက်မှန်အထူကြီးနှင့် ခပ်တုံးတုံးဆယ်တန်းကျောင်းသူ ကောင်မလေး မဟုတ်တော့ပါ ။ ပြင်တတ်ဆင်တတ်ပြီး လှသွေးကြွယ်နေသည့် အပျို ဖားဖားတောင် ဖြစ်နေပြီပဲ။

"ညီမလေးလည်း နောက်နှစ် ဒီချိန် လောက်ဆို ဘွဲ့ရမှာပဲဟာ"

"အင်း ကိုကိုဆေးလိပ်တွေ တအားသောက်တယ်နော်။ လျော့ပါဦး"

"……"

ကျွန်တော် ပြန်မဖြေဖြစ်ပါ၊ လျော့ပါ့မယ်လို့လည်း ကတိကဝတ်မပြုနိုင်။ ခွင့်လွှတ်ပါ ကိုစစ်… ကျွန်တော် ခင်ဗျားမကြိုက်တဲ့အချက်တွေလျော့နေပေမဲ့ ဆေးလိပ်ကတော့ချွင်းချက်ပေါ့…

"ကိုကို… မေမေတို့ကို နားလည်ပေးလိုက်ပါ။ သူတို့က.."

"ငါနားလည်ပေးနေတယ် မိုးစက်။ ညီမလေး နင်သိလား။ သူတို့ကရော ဘာကြောင့် ငါ့ကိုကျ နားလည်မပေးနိုင်ရတာလဲ။"

မိုးစက်က ကျွန်တော့်ကိုမကြည့်ဘဲ ကောင်းကင်ကို မော့ကြည့်ကာ ဆိုသည်။
"ကိုကို့ ကို ညီမလေး နားလည်ပါတယ်.."

"နင်နားမလည်ပါဘူး မိုးစက်ရာ… ငါအခု ဘယ်လောက်တောင်… ဘယ်လောက်တောင် သူ့ကို…"
ကျွန်တော့်အသံက အဆုံးတွင် တိမ်ဝင်သွားပြီးနောက် ပြန်မဆက်ဖြစ်တော့ပေ။ ဆက်ပြောလျှင် ကျွန်တော် ငိုချမိလိမ့်မည်။

OPPOSITE { Edited Version } Where stories live. Discover now