"ဟုတ် Daddy"
Daddy ကမျက်မှန်ကို လက်ဖြင့် တစ်ချက်ပင့်တင်လျက်ဆိုသည်။ မေမေကတော့ ကျွန်တော့်ရဲ့ အပြုံးအရယ်မရှိတဲ့မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်နေပြီး ဘာမှတော့ဝင်မပြောပေ။
"သား ဘာဆက်လုပ်မယ်စိတ်ကူးလဲ။ ဖေဖေ့ အလုပ်မှာပဲ ဝင်ပြီး လုပ်ငန်းအကြောင်း လေ့လာမလား။"
ဟက်… ဒါများဘာလို့စီးပွားရေး ကျောင်းမတက်ခိုင်းဘဲ နည်းပညာကျောင်း တက်ခိုင်းပါလိမ့်။ ခုတော့မရတော့ဘူး daddy …
"ကျွန်တော် ရန်ကုန်သွားမှာ။ အဲဒီမှာ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ အလုပ်ဝင်မယ်။ ကုန်သွားတဲ့ အချိန်ခြောက်နှစ်စာ သင်ထားတဲ့စာတွေကို ပြန်အသုံးချချင်တယ်..."
ကျွန်တော် ခင်ဗျားစကားကို နားထောင်တယ်နော် ကိုစစ်။ ခြောက်နှစ်တာသင်တဲ့စာတွေကို အလဟဿ မဖြုန်းပစ်နဲ့လို့ ခင်ဗျားပြောတယ်မလား။
"ဒါပေမဲ့ သားကဆောက်လုပ်ရေး စိတ်မပါဘူးမလား။ ဘာလို့အပင်ပန်းခံမှာလဲ။"
တကယ်ကြီးလား။ ဘယ်လိုပြောချလိုက်တာလဲ daddy…
" ကျွန်တော် စိတ်မဝင်စားမှန်းတော့ သိသေးတယ်ပေါ့။ ဒါဆို ဘာလို့ ကျွန်တော့်ကို ဒီကျောင်းတက်ခိုင်းခဲ့သေးလဲ။ အဲအစား ဘာလို့ ကျွန်တော် ဝါသနာပါတာကို မမေးခဲ့လဲ။ ဒီဘွဲ့ ယူတာက ကျွန်တော့်အတွက်လား၊ Daddy အတွက်လား!"
"သင်္ကြန်… သား တော်စမ်း။ မင်းအဖေကိုဘယ်လိုလေသံနဲ့ ပြောနေတာလဲ!"
ကျွန်တော့် အသံမာသွားသည်လားမသိပါ။ မေမေ့၏ဆတ်ဆတ်ကြဲအသံက ထွက်ပေါ်လာသည်။ Daddy မျက်နှာကတော့ အကြီးအကျယ်ပျက်ယွင်းနေသည်။ ကျွန်တော့်မေးခွန်းအတွက် အဖြေပြန် မလာပါ။
"ကျွန်တော့် ဆုံးဖြတ်ချက်ကို ပြင်ဖို့စိတ်ကူးမရှိဘူးdaddy နဲ့ မေမေ။ ကျွန်တော်ပင်ပန်းနေပြီ နားတော့မယ်။"
မတ်တပ်ထရပ်ပြီးကျောခိုင်းလိုက်တော့ မေမေ့၏မကျေနပ်သံ တစ်ချက်က ထွက်ပေါ်လာသည်။
"သား…ဘာလို့ မပြောင်းလဲရတာလဲဟင်။ ဘာလို့ပြောင်းလဲဖို့ မကြိုးစားရတာလဲ"
ကျွန်တော်လှည့်မကြည့်ဘဲ အပေါ်ထပ်ကိုခြေလှမ်းလှမ်းရင်း ပြန်ပြောလိုက်သည်။
"မေမေတို့ကရော၊ ဘာလို့ မကြိုးစားကြတာလဲ။ ကျွန်တော့်ကို လက်ခံဖို့ ဘာလို့မကြိုးစားကြတာလဲ?"
Part(2)Guide
Comenzar desde el principio
