ဂျော့ခ်ျကတော့ အသစ်အဆန်းတစ်ခုကို ကြိုးစားပမ်းစားလုပ်ပြီး နိုင်ငံခြားမှနေ၍ အွန်လိုင်းနွေဦးပွဲတော်နှုတ်ခွန်းဆက်အတိုလေး ပေးပို့ခဲ့သည်။

လှုပ်နေသောနှုတ်ခွန်းဆက်ကတ်လေးကို ဖြည်းညှင်းစွာဖြန့်လိုက်သည်နှင့် ကင်မရာထဲတွင် ဘေးချင်းကပ်ရပ်နေသောဂျော့ချ်နှင့် သူ့ဇနီးရှန်ရှောင်လွေ့တို့သည် ကလေးတစ်ယောက်ဆီ ချီထားကြပုံကိုမြင်ရမည်ဖြစ်သည်။ ကောင်လေးကို ဦးထုပ်၌ ကျစ်ဆံမြီးအသေးလေးပါသော ရွှေရောင်ထန်မင်းဆက်ဝတ်စုံလေး၀တ်ပေးထားပြီး ကောင်မလေးကိုတော့ ခေါင်းပေါ်တွင် ဘောလုံးအသေးလေးနှစ်လုံးပါသော ပန်းရောင်ချောင်ဆန်ဝတ်စုံလေးကို ၀တ်ပေးထားကာ ထိုကလေးနှစ်ယောက်က တစ်ယောက်လက်တစ်ယောက်ဆွဲထားပြီး တရုတ်စကားသံမပီကလာပီကလာလေးထွက်လာ၏။ "ပျော်ရွှင်စရာ နွေဦးပွဲတော်လေးဖြစ်ပါစေ၊ စာအိတ်နီလေးမုန့်ဖိုးပေးပါ!!"

နောက်ခံအသံသည် အလွန်မြူးကြွသော မီးရှူးမီးပန်းအသံများပါဝင်သည့် နွေဦးပွဲတော် Effet ကို အထူးရွေးချယ်ထား၏။

ထန်ယီမင်သည် ဂျော့ချ်အား ယွမ်နှစ်ရာတန် WeChat စာအိတ်နီကိုပေးပို့ခဲ့ပြီး ကလေးနှစ်ဦးအတွက်လည်း ဆုတောင်းပေးခဲ့သည်။

ဂျော့ချ်က အထွန့်တက်သည်။ "နွေဦးပွဲတော်အတွက် ယွမ်နှစ်ရာပဲပေးတာက နည်းနည်းတော့ကပ်စေးမနည်းဘူးလားဘော့စ်ထန်၊ အနည်းဆုံးတော့ ဒေါ်လာနှစ်ရာလောက်ပေးသင့်တယ်"

ထန်ယီမင်က နာကျင်စွာဖြင့် ပြန်ချေပသည်။  “ဟေး ဟေး ဟေး... ငါ မင်းကို စာအိတ်အနီဘယ်နှစ်စောင်တောင် ပေးထားပြီးပြီလဲပြန်စဉ်းစားကြည့်ပါဦး။ မင်းလက်ထပ်တုန်းကတစ်ကြိမ်၊ မင်း သားယောင်္ကျားလေးမွေးတုန်းကတစ်ကြိမ်၊ မင်း ဒုတိယကလေးမွေးတုန်းကလည်း စာအိတ်အနီတွေပေးခဲ့သေးတယ်လေ၊ ပေးခဲ့ရတယ်လို့... ရေကြည့်စမ်းပါဦး စာအိတ်အနီ ဘယ်နှစ်စောင်တောင်ရှိနေပြီလဲ၊ ငါ့လို လိင်တူချစ်သူက မင်းဆီကနေ အဲ့စာအိတ်အနီတွေ ပြန်ရတော့မှာမဟုတ်ဘူး!!"

"ဟားဟား" ဂျော့ချ်က ရယ်လိုက်ပြီး "ကောင်းပါပြီ၊ ဒီတစ်ခါတော့ အလွတ်ပေးလိုက်ပါမယ်"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now