"အကို!...."

အတွေးတို့ဖြင့် ငြိမ်သက်နေမိဆဲ အနားသို့လူရိပ်တစ်ရိပ်ရောက်လာတာမို့ သူမော့ကြည့်မိတော့ ခုနကပါးချိုင့်ပိုင်ရှင်လေးဖြစ်လို့နေသည်။

"လူမရှိဘူးမှတ််လား ထိုင်မယ်နော်..."

ပြောပြောဆိုဆိုဖြင့် နေးလ်က သူ့ဘေး၌ခုံဆွဲကာ ဝင်ထိုင်လေသည်။‌ရုတ်တရက် သူလည်းဘာပြန်ပြောရမှန်းမသိပဲ ကြောင်နေမိသည်။နေးလ်အနောက်မှ ပါလာသောကိုယ်ရံတော်တို့ကတော့ ဘေးနားမှာဝိုင်းပတ်၍ အသီးသီးနေရာယူလိုက်ပြီဖြစ်သည်။အန်ကယ်ဂျက်တစ်ယောက်သာ မနှစ်မြို့သလို မျက်ခုံးတွန့်သွားလျှက်...

"ဒီမှာ ထိုင်လို့မရဘူး‌ နေးလ် ဗွီအိုင်ပီဝိုင်းကို သွားရမှာ မဟုတ်ရင် ဒီနားကိုလူတွေအုံကျလာလိမ့်မယ်..."

အန်ကယ်ဂျက်၏စကားကြောင့် နေးလ်၏စိမ်းညို့နေသော မျက်ခုံးတန်းတို့ တွန့်ကုပ်သွားကာ နှုတ်မှပင်ကျစ်ကနဲ စုတ်သပ်ရေရွတ်ပစ်သည်။ပြီးတော့ အနီး၌ဝိုင်းပတ်စောင့်ကျပ်နေပါသော သက်တော်စောင့်တချို့အား ဝေ့ဝဲကြည့်ပြီးတော့မှ...

"သူတို့ကို တခြားနေရာသွားနေခိုင်းလိုက် အန်ကယ်ဂျက်လည်း ကျွန်တော့်နားကပ်မနေပဲ အဆင်ပြေတဲ့‌နေရာနေ အဲ့ဒါဆိုကျွန်တော်မှန်း ဘယ်သူမှသိတော့မှာမဟုတ်ဘူး..."

နေးလ်၏စကားကြောင့် အန်ကယ်ဂျက်၏မျက်နှာကြီး ရှုံ့မဲ့သွားပြီးမှ...

"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့‌ နေးလ် ဒီနေ့ပွဲကအရေးကြီးတာကို ပေါ့ပေါ့ပျက်ပျက်လုပ်မနေနဲ့ ဒီနေ့အတွက် ဦးကျင်ဟုတ်နဲ့တွေ့ပြီးတာနဲ့ ပြန်ရမှာ..."

အန်ကယ်ဂျက်ကပြောရင်းဖြင့် နံဘေးရှိရှင်းခန့်အား မသိမသာဝေ့ကြည့်ပြီးမှ အသံကိုပို၍နှိမ့်ချကာ...

"မလိုအပ်‌တာတွေ လျှောက်မလုပ်ဖို့သေချာမှာလိုက်တယ်..."

"ကျွန်တော်ကလေးမဟုတ်တော့ဘူး အန်ကယ်ဂျက် ဘာကလိုအပ်တယ် ဘာကမလိုအပ်ဘူးဆိုတာ ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အရွယ်ကိုရောက်နေပြီ နေရာတကာကျွန်တော့်ကို လိုက်ထိန်းချုပ်နေတာတွေ လျှော့လို့ရမလား..."

Wild  Rose(complete)Where stories live. Discover now