'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့မှာ မန်ကျည်းထုံးမှ ပြန်ရောက်ကတည်းကပင် အလုပ်ရှုပ်နေကြတော့သည်။ တစ်ရက်မျှပင် အနားမယူကြဘဲ စုပေါင်းအငြိမ့်ပွဲအတွက် ပြင်ဆင်နေကြတော့၏။ 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့မှာ အခြားအငြိမ့်အဖွဲ့များအား အားကျအားပြိုင်လိုခြင်းမရှိကြပါ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အရည်အချင်းကိုယ် မြှင့်နေကြသူများသာဖြစ်သည်။

သို့ပေသော်လည်း ထိုပွဲသို့ရောက်ပါလျှင် မျက်လုံးပေါင်းများစွာ ရှိကြပါလိမ့်မည်။ လိုသောမျက်လုံးများရှိသကဲ့သို့ မလိုသောမျက်လုံးများလည်းရှိ၏။ တစ်ပြည်လုံး၏ အချစ်တော် 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့မှာ အခြားသော အငြိမ့်အဖွဲ့များထက်ပင် မနာလိုမုန်းထား အပြစ်ရှာခြင်းကို ခံရတတ်သည်။ တစ်ချက်တစ်လေမျှပင် မှားယွင်း၍မဖြစ်ပါချေ။ သို့ကြောင့်မို့ ချွင်းချက်မရှိလေအောင် ပြင်ဆင်လေ့ကျင့်နေကြပါ၏။

ထို့အထဲတွင် အပင်ပန်းရဆုံးမှာ တစ်ခေတ်မောင်သာဖြစ်တော့သည်။ ပြီးခဲ့သော ဘုရားပွဲ၌ တစ်ခေတ်မောင်၏ ဖျော်ဖြေမှုသည် အဖွဲ့သားများအား အံ့အားသင့်စေခဲ့သည်လေ။ ဆရာရသကိုယ်တိုင်သည်ပင် ထိုမျှအထိ မမျှော်လင့်ထားခဲ့။ တစ်ခေတ်မောင်မှာ အကောင်းဆုံးကြိုးစားခဲ့သည်ကြောင့် သဘောကျနေမိတော့သည်။ ထိုဘုရားပွဲရှိ ပရိသတ်များကလည်း တစ်ခေတ်မောင်အား နှစ်သက်ကြကာ အထူးသဖြင့် မင်းသမီးထွင်းအက္ခရာနှင့် လိုက်ဖက်လွန်းလှသည်ဟု မှတ်ချက်ပေးကြသည်။

ဆရာရသတို့အဖွဲ့ ရန်ကုန်သို့ ပြန်မည့်နေ့တွင် ပရိသတ်များ အုံလိုက်ကျင်းလိုက် ရောက်ရှိလာကြ၏။ ရွာထွက် သီးနှံများ၊ ကောက်ညှင်းဆန်များနှင့် အခြားအခြားသော လက်ဆောင်ပစ္စည်းများအား တနင့်တပိုးထည့်ပေးလိုက်သည်မှာ ကားပင်မဆန့်ခဲ့။ တစ်ခေတ်မောင်တို့ ကားစထွက်တော့လည်း အမျိုးသမီးကဲ့သို့ ဟန်ဆောင်ဝတ်စားထားရသော ထွင်းအက္ခရာအား 'လူရွှင်တော်ကလေးကို ပြန်ချစ်လိုက်ပါ' ဟုဝိုင်းဝန်းအော်ဟစ်တောင်းဆိုကြသေးသည်။ ထိုအချိန်ကဆိုလျှင် ကားပေါ်၌ တစ်ခေတ်မောင်နှင့်ထွင်းအက္ခရာ မျက်နှာချင်းပင်မဆိုင်နိုင်ကြပါ။ ရှက်ရှက်ဖြင့် မျက်နှာလွှဲထားကြသည်လေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now