"ဟာ ကောင်းလိုက်တာကွာ!!! ဖြောင်းဖြောင်းဖြောင်း! စိတ်ပျက်ဖို့....."

ကိုကြီးသာကူက မျက်နှာပေးဟန်ပန်အမျိုးမျိုးဖြင့် ဝင်ထောက်လေတော့ တသောသောရယ်ကြတော့သည်။ ကိုကြီးရှမ်းလေးမှာတော့ ထိုလျှာရှည်သော ငနဲအား ဂေါက်ခနဲ ခေါက်ချလိုက်၏။

"ကျွန်မအစ်ကိုကြီး သနားစရာရှင်....ဟော့သည်က ကိုကြီး သာကူတဲ့လားရှင်...."

"ဒါပေါ့ နှမငယ်...သာကူကို သိပ်ကြိုက်တဲ့ သာကူ....အမေက နာမည်ပေးသိပ်တော်တာလေ....သူက ကိုကြီးကို ကိုယ်ဝန်လွယ်ထားရတုန်း သာကူစားရတာ သိပ်ကြိုက်တာတဲ့...အဲ့တာနဲ့ပဲ ကိုကြီးမွေးလာတော့ နာမည်က သာကူလို့ တွင်သတဲ့ဗျာ...ဒါနဲ့ ကိုကြီးလည်း ကိုကြီးအမေကို သည်လို မေးကြည့်တာပေါ့....."

"ဘယ်လို မေးကြည့်တာတုန်း ကိုကြီးသာကူရဲ့...."

"သားကို ကိုယ်ဝန်လွယ်တုန်း ဂွေးသီးများ ကြိုက်ရင် သားကို ဂွေးသီးလို့ နာမည်ပေးမှာလားလို့လေ...."

ထိုအခိုက် ဇာတ်ခင်းတစ်ခင်းလုံး ဝါးခနဲ ရယ်ကြတော့၏။ ကိုကြီး သာကူမှာ မျက်ရည်ကလေး တစမ်းစမ်းပုံစံ သရုပ်ဆောင်နေရင်း ပရိသတ်တို့ ငြိမ်သက်သွားသည်အထိ ခေတ္တစောင့်ဆိုင်းနေလိုက်သည်။ ငြိမ်သက်သွားကာမှ သူ့စကားကို ဆက်လေတော့သည်။

"အမေက ဘာပြန်ပြောတယ်ထင်လဲ...."

"ဘာပြန်ပြောသလဲဟင် ကိုကြီးသာကူ...."

"အမေက ဂွေးသီးမကြိုက်ဘူး...ခရမ်းသီးပဲ ကြိုက်တာတဲ့လေ...."

ကိုကြီးသာကူမှာ အတော်မျက်နှာပေးကောင်းသည်ဟုဆိုရမည်။ ထိုမျက်နှာပေးကြောင့်ပင် ပွဲတစ်ခင်းလုံး ဆူဆူညံညံအော်ရယ်ကြသည်လေ။

"ခရမ်းသီးနှပ်သိပ်ကြိုက်တယ်ပြောတာပါ....တော်သေးတယ်ဗျာ...နာမည်က သာကူဖြစ်သွားလို့...ခရမ်းသီးလို့သာ ​ပေးလိုက်ရင်တော့ မတွေးရဲစရာ...."

ပရိသတ်နှင့်အပြိုင် အစ်ကိုထွင်းမှာလည်း ရယ်နေလေ၏။

"ဟုတ်ပါပြီ ကိုကြီးခရမ်းသီး အဲလေ...ကိုကြီးသာကူ...."

"မှားမခေါ်နဲ့ ဟမ်း..."

"နောက်ဆုံးတစ်ယောက်ကတော့ အငယ်ဆုံးကလေး တစ်ခေတ်မောင်တဲ့လားရှင်...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Opowieści tętniące życiem. Odkryj je teraz