"ဘာတဲ့...မောင်တဲ့...ဟားဟားဟား...."
ကျန်သည့် လူရွှင်တော်များမှာ လှောင်ပြောင်သကဲ့သို့ရယ်နေလေ၏။
"ဟားဟားဟား...မောင်တဲ့...ကြီးတဲ့သူကို အရင်ခေါ်နော် ထွင်းအက္ခရာ!...."
ကိုကြီး ငွေခဲမှာ ရယ်နေရာမှ ရုပ်တည်ကြီးဖြင့် အသနားခံ ဝင်ပြောပြန်သည်။ အစ်ကိုထွင်းမှာ မခို့တရို့ကလေး တစ်ချက်ရယ်လေ၏။ အစ်ကိုထွင်း၏ ဟန်ပန်မှာ အဟုတ်ပင် သိမ်မွေ့နူးညံ့လွန်းသည့် အငြိမ့်မင်းသမီးတစ်ဦးကဲ့သို့ စင်စစ်ဖြစ်နေ၏။
"အစဥ်လိုက်ကလေး ခေါ်မပေါ့...ဘယ့်နှယ်လဲ..."
"ဖြစ်ပါ့ဖြစ်ပါ့..."
ပြိုင်တူရေရွတ်မိကြ၏။
"ဟော့သည်က အအိပ်မက်တဲ့ ကိုကြီးငမှေးလားရှင့်...."
"ဟုတ်ပါ့ဗျာ...ခုဏကတောင် တစ်ရေးအိပ်လိုက်သေး...အာ...မဟုတ်ပါဘူးဗျာ..."
ကိုကြီးငမှေးက ယောင်တောင်တောင်ဖြင့်ဆိုပြန်လေသည်။
"ဟော့သည်က ကိုကြီးချစ်တီး...အဲလေ ကိုကြီးငွေခဲလားလို့...."
"ဟုတ်ပါသတဲ့ နှမလေးရေ....ဒါနဲ့ ကိုကြီးကို ပိုက်ဆံငါးကျပ်ပြန်မဆပ်ရသေးဘူးနော့...."
"အို...ဘယ့်လိုဖြစ်သတုန်း...ညီမဝေစုရကာမှ ဆပ်မပေါ့...."
"သည်လိုပြောတာ ဒါနဲ့ဆို သုံးခါရှိပြီဗျ.. သုံးခါ!...."
ကိုကြီးငွေခဲမှာ မျက်နှာကလေး ရှုံ့မဲ့ပြရင်း ပရိသတ်ဘက်အား လက်သုံးချောင်းထောင်ကာ တိုင်တောနေ၏။ ထိုအခါဝယ် ဇာတ်ခင်းမှ လူများ ထပ်မံရယ်မောကြတော့၏။
"သည့်ဘက်က ကိုကြီး ရှမ်းလေးလားလို့...."
"ဟုတ်ပါ့ဗျာ...ဟုတ်ပ...."
"ခေါင်းရင်းအိမ်က မမနဲ့ကော အဆင်ပြေရဲ့လား..."
"အို နှမရယ်...ဘယ်လိုများ ပြောလိုက်တာလဲလို့...အဲ!...သည် အစ်ကိုကြီးရဲ့ ရင်ထဲမှာ သည်က နှမကလေးပဲ ရှိတာပါလို့ အဲ! ...ချစ်တဲ့အကြောင်းတွေ စီကာပြောပြရရင် သည်အငြိမ့်ပွဲကြီးပြီးတာတောင် ပြောစရာမကုန်နိုင်လောက်ပါဘူးလို့ အဲ!"