"တစ်ခြားသူသာ ခိုင်းပေတော့ဗျာ..."

"ဟေဟ!"

ထွင်းအက္ခရာ၏ လက်အား အတင်းကာရော ဆွဲလျက် ထွက်သွားလေသော ငနဲသားအား ငပု မျက်မှောင်ကုတ်လျက်ကြည့်နေမိတော့သည်။ 'တော်တော်လည်း အလုပ်ရှုပ်တဲ့ကောင်'ဟု တွေးလိုက်မိရင်း မသက်သာသည့်အဆုံး သူတို့နှင့်အတူ ပါလာသော ကားဆရာကြီး ဦးငတုတ်ကိုသာ အကူအညီတောင်းလိုက်ရတော့သည်။

"ဘယ့်နှယ်လုပ်လိုက်သလဲ တစ်ခေတ်မောင်ရယ်....ငပုကို အားနာစရာ...."

"အခု မောင်တို့ နှစ်ဦးတည်းရှိတာမို့ မောင်လို့ပဲခေါ်...."

သူပြောသည့်စကားအား အရေးလုံးဝမထားလေဘဲ သူပြောချင်သည်ကိုသာ ပြောနေပါသော မောင်။ ထွင်းအက္ခရာ၏ လက်ကလေးကိုလည်း မလွှတ်တမ်းကိုင်ဆွဲလျက် ရှေ့မှ ဦးဆောင်ကာ သွားနေလေသည်။ ထို့နောက် အရိပ်ကောင်းလှသော တရုတ်စံကားပင်ကြီးအောက်တွင် ရပ်တန့်သွားတော့၏။ အပင်အောက်ရောက်သည်နှင့် မနက်အချိန် ချမ်းအေးစဉ်က ဝတ်လာခဲ့သော ထပ်အင်္ကျီကလေးကို မြေ၌ ဖြန့်ခင်းချလိုက်ပါသောမောင်။

"မောင်!...ဒါ ဘာလုပ်သလဲ...."

"သည်မှာသာ ထိုင်လိုက်ပါ အစ်ကိုထွင်းရာ..."

ထွင်းအက္ခရာအား ပုခုံးမှ ဖိကိုင်၍ ထိုင်စေတော့သည်။ တရုတ်စံကားပင်ကြီးမှာ သန်လှ၍ အရိပ်ကောင်းသည်။ အပင်အောက်တွင် ထိုင်လိုက်သည်နှင့် ရင်ထဲ အေးခနဲပင်။ ခပ်သင်းသင်းမွှေးပျံ့နေပါသော တရုတ်စံကားပန်းရနံ့များမှာလည်း နှာဝတစ်ဝိုက် ကလူကျီစယ်နေသည်မို့ သဘောကျဖွယ်။

"ဘယ့်နှယ်ကြောင့် ပင်ပင်ပန်းပန်းတွေလုပ်နေရသလဲ....ကြည့် မောင့်အစ်ကိုထွင်း ချွေးတွေ ထွက်ကုန်ပြီ...."

ထိုသို့ဆိုကာ မောင်က သူ့နှဖူးထက်မှချွေးတို့အား တယုတယသုတ်ပေးနေတော့သည်။ ထွင်းအက္ခရာအား ဂရုတစိုက်ဖြင့် ကြင်ကြင်နာနာချွေးသုတ်ပေးနေလေသော မောင်ကိုယ်တိုင်မှာတော့ ချွေးများပြိုက်ပြိုက်ကျနေသည်ကို မသိလေရော့လား။

"သည်အရိပ်အောက်မှာပဲ အေးအေးဆေးဆေးနားနေလှည့်...မောင်က အစ်ကိုထွင်းအစား နှစ်ဆပိုအလုပ်လုပ်ပေးမယ်...ဘယ့်နှယ့်လဲ..."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now