အခုလည်း ရှောင်းကျန့်ရှက်နေမှာသိတယ်။ နားရွက်လေးတွေ ရဲနေရောပေါ့။
"ဒီတစ်ပတ်စနေနေ့ ငါပြန်လာမယ်ရိပေါ်"
"တကယ်လား၊ ဘာလို့လဲ"
"အင်း.. မားနဲ့ပါးကိုလည်း တွေ့ချင်သေးတယ်၊ ပြီးတော့ မင်းလာတွေ့စရာလည်း မလိုအောင်လေ"
"ကျွန်တော်က ကိစ္စမရှိပါဘူး၊ ကိုကိုပင်ပန်းမှာပဲ စိုးရိမ်တာ"
ဟုတ်တယ်။ ရှောင်းကျန့်တက်နေတဲ့ကျောင်းက အိမ်နဲ့အရမ်းဝေးတာကြောင့် ဝမ်ရိပေါ်ကပဲ ရှောင်းကျန့်ဆီအမြဲသွားတွေ့ခဲ့တာ။
လိုင်းကား ၃ခါလောက်ပြောင်းစီးရပြီး ၂နာရီလောက်ကြာတယ်။ ရုံးပိတ်ရက်ဖြစ်တာကြောင့် လူတွေလည်း ကြပ်တယ်။ ဝမ်ရိပေါ်ဆို ရှောင်းကျန့်ဆီရောက်တာနဲ့ ရေအရင်တောင်းသောက်ရတော့တာပဲ။ ဒါကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်ကို တော်ရုံကိစ္စနဲ့ ပြန်မလာစေချင်ဘူး။
ဝမ်ရိပေါ်စိုးရိမ်နေတာကိုသိတဲ့ရှောင်းကျန့်က...
"ငါမပင်ပန်းပါဘူး၊ ငါအိမ်ကိုလည်း တကယ်သတိရတယ်၊ ဒီလောက်ခရီးက ဘာမှမဖြစ်ပါဘူး၊ မင်းစိတ်မပူလည်းရတယ်"
"ကျွန်တော်က..."
"မင်းကပဲ အမြဲလာတွေ့နေတော့ ငါဘယ်စိတ်ကောင်းမလဲ၊ ငါ့ဘက်ကလဲ လာတွေ့ချင်တာပေါ့၊ မဟုတ်ရင် မင်းကပဲငါ့ကိုချစ်ပြီး ငါကတော့မချစ်လို့ဆိုတဲ့ပုံစံမျိုးမဖြစ်ချင်ဘူး"
"မလိုတာတွေတွေးပြီဗျာ"
"လိုတယ်၊ ငါ့အတွက်တော့လိုတယ်လို့"
ဇွတ်ငြင်းနေတဲ့ ရှောင်းကျန့်အသံလေးကြားရုံနဲ့ နှုတ်ခမ်းလေးလဲစူနေမှာ ဝမ်ရိပေါ်သိတယ်။ ဘေးနားမှာသာရှိရင် အဲ့နှုတ်ခမ်းလေးကို ကိုက်မိလောက်တယ်။
"အဲ့တာကြောင့် ကျွန်တော်က ကိုကို့ထက်အသက်ကြီးချင်တာ၊ တဇွတ်ထိုးလေးသိပ်လုပ်လွန်းလို့ ငါအကြီး ငါ့စကားနားထောင်ဆိုပြီး စောဒကတက်လိုက်ချင်တယ်"
ဝမ်ရိပေါ်ဒီလိုပြောနေပေမယ့် ရှောင်းကျန့်ရဲ့ဆန္ဒကို မလိုက်လျောမှာတော့မဟုတ်ဘူး။ ရှောင်းကျန့်လည်း အိမ်ကိုလွမ်းနေမှာပဲ။ သူကနားလည်ပေးတတ်ပါတယ်။ ဒါပေမယ့် နည်းနည်းလေးတော့ ရစ်ချင်သေးလို့သာ။