ကားတံခါးအား မှီထားရင်းဖြင့် မီးမှောင်နေသော ဆိုင်ခန်းလေးအား ဘာရယ်မဟုတ်ငေးကြည့်မိသည်။အရင်တုန်းကဆို ဒီလိုညဖက်တွေဆို ဘားမှာလိုက်သောက်ရင်သောက် မသောက်ရင်လျှင်လည်း ဒီအခန်းလေးထဲမှာပဲ နှစ်ယောက်သားတစ်ခွက်တစ်ဖလား မော့နေကြ။အပြင်လျှောက်သွားဖြစ်ရင်တောင်မှပဲ သူ့အနားမှာ ဆိုင်းလော့ဒ်ရှိနေတာပဲဆိုသည့်အသိက သူ့ကိုလုံခြုံမှုပေးသည်။လစ်မစ်ကျော်မှာကို သတိထားနေစရာမလို။မူးပြီး လမ်းပေါ်မှောက်လဲကျန်နေခဲ့မှာကို စိုးရိမ်နေစရာမလို။သူ့အနားမှာ ဆိုင်းလော့ဒ်သာရှိနေလျှင် ဘာကိုမှစိုးရိမ်နေစရာမလိုခဲ့ပေ။

အတိတ်ကိုပြန်သတိရမိတော့ မီးမှောင်နေတဲ့အခန်းလေးကို ကြည့်ရင်း ယောက်ျားတန်မဲ့ ငိုချင်လာရသည်။သူ့နားကနေ လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတာဟာ သူ့အတွက်သိပ်ထူးဆန်းတဲ့ ကိစ္စတော့လည်းမဟုတ်ပါ။သို့သော် ဒီကောင်လေးနဲ့ကျမှ သူ့မှာ ဘာလို့များအလဲလဲအပြိုပြိုတွေ ဖြစ်နေရမှန်းမသိ။ဘာမှမဖြစ်သလို ကြိုးစားနေနေလည်း အချိန်တန်လာရင် သူနာကျင်ရတာပဲဖြစ်သည်။သူ့ဘဝရဲ့ အဓိပ္ပါယ်ဟာ ပျောက်ဆုံးသွားရသလိုမျိုး။အသက်ရှင်နေရတာကိုတောင် အကြောင်းပြချက်ရှာမတွေ့နိုင် ဖြစ်နေရလေသည်။

ကားတံခါးဘောင်အား မှီထားရင်းဖြင့် ခေါင်းတွေတရိပ်ရိပ်ထိုးတက်လာကာ သူ့ခန္ဓာကိုယ်က မှီတွယ်ရပ်တည်ဖို့တောင် ခက်ခဲလာပြီဖြစ်သည်။ယမကာအစွမ်းကြောင့် ခြေထောက်များပင် မခိုင်တော့စွာ ကားဘော်ဒီကို မှီ၍ခြေပစ်လက်ပစ် ထိုင်ချရခြင်းသို့ရောက်သည်။ကိုယ့်ရပ်ကွက်ထဲ ပြန်ရောက်နေပြီမို့ အိမ်ထဲမဝင်နိုင်ပဲ လမ်းပေါ်မှာ အိပ်ပျော်သွားလည်း သိပ်တော့ပြဿနာမရှိလှပါ။သူ့အသိစိတ်တွေ နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေဆဲ မျက်စိရှေ့မှမှောင်နေသော အခန်းလေးက မီးတွေထိန်ထိန်လင်းလို့ လာလေသည်။

ရုတ်တရက်မီးအလင်းရောင်က ဖြာကျလာတာမို့ သူ့မျက်လုံးတွေ စူးသွားရကာ အလိုအလျောက်လက်ဖြင့်ကာမိလေတော့သည်။ပိတ်ထားသော မှန်တံခါးချပ်က လျှောကနဲပွင့်သွားကာ ရင်းနှီးနေသောပုံရိပ်တစ်ခု မျက်စိရှေ့သို့ရောက်ရှိလာလေတော့သည်။ထိုပုံရိပ်က ဘောင်ဘီထဲသို့လက်ထည့်ကာ သူ့နှင့် မလှမ်းမကမ်း၌ရပ်ကြည့်လေသည်။
သူလေးလံနေသော မျက်လုံးတို့အား အားတင်းဖွင့်ကာ ခေါင်းအားနှစ်ချက်လောက် ခါယမ်း၍ပြန်ကြည့်တော့ ဆိုင်းလော့ဒ်နှင့်ဆင်တူသည့် ထိုပုံရိပ်ကပို၍သာ ဝေးဝါလာသည်။မျက်စိထဲ နှစ်ကိုယ်ကွဲတွေဖြစ်ကုန်၏။ဆိုင်းလော့ဒ်က အခန်းအပ်ပြန်အပ်သွားပြီမို့ အခုလိုပေါ်လာစရာ အကြောင်းမရှိတာကိုလည်း ဦးနှောက်ကသိလို့နေ၏။ဆိုင်ရှေ့မှာ မူးလဲနေလို့ လာဖယ်ခိုင်းသည့် အိမ်ငှားအသစ်ပဲဖြစ်ပေလိမ့်မည်။

Wild  Rose(complete)Where stories live. Discover now