သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒူးနှစ်ဖက်ကို ထောင်ကာ လက်နှစ်ဖက်ကို ထိုဒူးတို့အပေါ် တင်ထားလိုက်ရင်း မိုက်ကန်းကန်းပြင်ထိုင်လိုက်သည်။ ပြီးသည်နှင့် နံဘေးမှ ပုံရိပ်ကလေးအား မျက်ဆံထောင့်ကပ်ကာ ခိုးကြည့်မိ၏။ ဖြူလွှလွှကြည်လင်လင် ပုံရိပ်ကလေးမှာ ဒူးကလေးနှစ်ခုစုထောင်ကာ လက်ဖြင့် ပွေ့ပိုက်ထားရင်း ဆရာရသထံမှ စာဖတ်ပြသံကို အလွန်တရာမှ နားစိုက်ထောင်နေပါ၏။ ဂရုတစိုက် အလေးအနက်ထား နားထောင်နေသော ပုံစံကလေးသည် သူ့အား အသည်းတယားယားဖြစ်စေသည်။ မှန်ရာကို ဆိုရလျှင် အစ်ကိုထွင်း၏ အပြုအမူတိုင်းအား သူအသည်းယားနေခြင်းသာ။

"*ကျုပ်တို့တော့ 'ထွင်းအက္ခရာ'အဖွဲ့သားတွေကို ပြန်စေချင်ပါဘူးတော်....ကျုပ်တို့ ရွာသားတွေက ပွဲကြိုက်ကြတယ်ရှင့်....ပွဲငတ်လာတဲ့ တစ်နှစ်လုံး နောက်ဆုံးနှစ်ကုန်ကာမှ လာဖျော်ဖြေတဲ့ သည်အငြိမ့်အဖွဲ့ကြောင့် အာသီသတွေကို ပြေသွားရောပဲ....ရန်ကုန်မယ် အခြေစိုက်မဲ့အစား ကျုပ်တို့ရွာမယ် အခြေစိုက်ကြပါ့လား....ကျုပ်ဖြင့် ကျုပ်အစ်ကိုကို ခေါင်းဆောင်မင်းသမီး ထွင်းအက္ခရာနဲ့ အတင်းပေးစားပြီး အငြိမ့်အဖွဲ့ကို ရွာမှာပဲ အခြေစိုက်အောင် လုပ်ပစ်လိုက်ချင်တော့တယ် တော်တို့ရေ....*"

ဆရာရသ ဖတ်ပြလေသော စာအဆုံး နားထောင်နေသူတိုင်းမှာ တဟားဟားရယ်မောကြလေတော့သည်။ သူတို့ရယ်မောမှုတွင် ထွင်းအက္ခရာအား လှောင်ပြောင်သရော်လိုစိတ်မရှိ။ ပွင့်လင်းပျူငှာလွန်းသည့် ရွာသူကလေး၏ စာအရေးအသားကြောင့်သာ ရယ်မဆုံးဖြစ်နေကြတော့သည်။

"ကျုပ်တို့အဖွဲ့ကို သူတို့ရွာမယ် အခြေစိုက်စေချင်တာနဲ့ပဲ ထွင်းအက္ခရာကို သူ့အစ်ကိုနဲ့ ပေးစားမတဲ့....ဘာမျှလည်း မဆိုင်....ဆရာရသကို သူ့ဒေါ်လေးနဲ့ ပေးစားမယ်ဆို ဟုတ်တုတ်တုတ် နော့..."

"ဒါပေါ့....ဟာ မဟုတ်ပါဘူးကွာ...."

ငပုက အာပေါင်အာရင်း သန်သန်ဖြင့် ထပြောကာ စနောက်လေတော့ ဆရာရသမှာလည်း ယောင်ယမ်းကာ မတ်တပ်ကြီး ရှက်မပြီးဖြစ်နေတော့၏။ အဲ့သည့်ရွာကလေး ရောက်တုန်းကဆို စာပိုင်ရှင် ရွာသူလေး၏ အဒေါ်ကို ဆရာရသတစ်ယောက် မျက်စိကျနေသည်ကို တစ်ဖွဲ့သားလုံး သိနေလေတော့ စလို့နောက်လို့ မပြီးတော့ချေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now