"တစ်ခေတ်မောင်...မင်း...မင်း အင်္ကျီကလေး...."

"ထိုင်တော့ အစ်ကိုထွင်း....တော်ကြာ ဆရာရသဆီက အဆူခံထိနေအုန်းမယ်...."

"ဒါပေမဲ့...."

"ကဲ ထွင်းအက္ခရာ အခုထိ မထိုင်နိုင်သေးဘူးလား!!!!!"

တွန့်ဆုတ်ဆုတ်ဖြစ်နေသော အစ်ကိုထွင်းတစ်ယောက် ဆရာရသအော်သံကြားသည်နှင့် ကိုယ်ကလေးတုန်တက်ကာ သူ့အင်္ကျီပေါ် ဇက်ခနဲ ထိုင်ချလိုက်တော့သည်။ တစ်ခေတ်မောင်မှာ မထိန်းမကွပ်နိုင်ဘဲ ပြုံးမိပါ၏။ ထိုထပ်အင်္ကျီကလေးက အစ်ကိုကြီးတို့နဲ့အတူ ဗိုလ်ချုပ်စျေးသွား၍ ကိုယ့်အစုငွေထဲမှ ဝယ်ယူထားသော အသစ်ချွတ်ချွတ် ထပ်အင်္ကျီကလေး။ ကိုယ့်ထပ်အင်္ကျီကလေးသည် ချစ်ရသူ မပေမကျန် ထိုင်နိုင်လေဖို့ ကူညီပေးနိုင်သည့်အခါ ပြုံးမိပါတော့၏။

"အကုန်လူစုံပြီနော့....ဒါဖြင့် ပုရိသတ်တွေဆီက မေတ္တာစာတွေ စဖတ်ပြီနော်...."

"ဟုတ်ကဲ့ပါ ဆရာရသ!!!!"

ပြိုင်တူညီစွာ ထွက်လာသော အသံနောက် အငြိမ့်အိမ်ကြီးမှာ အသံဟီးလို့သွား၏။

"ဟုတ်ကဲ့ပါ ဆရာရသ...."

"မင်းကတော့ ထမဖောက်ရရင် မနေနိုင်တဲ့အကောင်....."

သည်လို လူမျိုးကတော့ နေရာတိုင်းတွင် အမြဲတစေရှိတတ်သည်။ အကုန်လုံး ပြိုင်တူအော်ဟစ်ပြီးမှ တစ်ယောက်တည်း ချွန်းထွက်၍ အော်ဟစ်သူလေ။

"ပထမဆုံးစာကတော့ ငါတို့ ဟိုးနှစ်က နောက်ဆုံးသွားခဲ့တဲ့ ရွာကလေးကပဲကွ....ကဲ စဖတ်ပြပြီနော်..."

ဆရာရသကစာအိတ်အထွေးလိုက်အပုံလိုက်ထဲမှ  စာတစ်စောင်အား ကျပန်းရွေးချယ်လိုက်ကာ ပြောဆိုနေခြင်းပေ။ ထိုစာအိတ်ကလေးကို ဖွင့်ဖောက်လိုက်သည်နှင့် ဝါကြင်နေသော စာရွက်ကလေးနှင့် မညီညာမသပ်ရပ်သော စကားလုံးများ ထွက်လာသည်ကို မြင်ဖြစ်အောင်မြင်လိုက်ရသည်။ တစ်ခေတ်မောင်မှာ အတန်းစာမတတ်သော်ငြား ရေးတတ်ဖတ်တတ်၏။ ဘုန်းကြီးကျောင်းတွင်သာ နေခဲ့ရသူမို့ ပါဠိအရာတွင် ကျွမ်းကျင်သည်။ ဦးပုဇဥ်းတို့ သိသင့်သိအပ်သော အရာမှန်သမျှ သူသိထားလေသည်။ စာမဖတ်တာကြာပြီဖြစ်သော တစ်ခေတ်မောင်မှာ စူးရှသော မျက်ဝန်းများဖြင့် ဆရာရသလက်ထဲမှ စာများအား ဖတ်ရန် ကြိုးစားနေသည်။ သို့သော် မအောင်မြင်ချေ။ ထိုလက်ရေးလက်ရာကို သူ မဖတ်တတ်ချေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now