"ဘွားဘွား...."

"ရှင့်~"

"ထွင်းငယ်ကို ကမပြဘူးလားဟင်....ဘွားဘွား ကတာ ကြည့်ပြီးရင်ဖြင့် ထွင်းငယ် အိပ်ပျော်နိုင်မယ်ထင်ရဲ့..."

နှုတ်ခမ်းကလေး တထော်ထော်ဖြင့် တောင်းဆိုမိတော့ သူမမျက်ဝန်းညိုကလေးများ ရုတ်ချည်းဆိုသလို စိုစွတ်လာတော့သည်။ သို့သော်လည်း သူမမျက်နှာထက်မှ အပြုံးနုနုမှာ ပျောက်ကွယ်မသွားသေးပါချေ။

"ဘွားက ခါးမကောင်းတော့ဘူးလေ ​ထွင်းငယ်လေးရဲ့....ဘွားက အချိုးနဲ့အချိတ်နဲ့ မကပြနိုင်တော့တဲ့ လူအိုမကြီးဖြစ်နေပြီ မြေးရဲ့...."

"အို...ဘွားဘွားက လူအိုမကြီးမဟုတ်သေးပါဘူးနော်...."

သူ့အား ငုံ့ကာ စကားဆိုနေသော အမျိုးသမီး၏ ပါးနှစ်ဖက်အား ညင်ညင်သာသာ အုပ်ကိုင်ပေးမိသည်။ ထိုအမျိုးသမီးထံမှ မျက်ရည်များအား သူမြင်နိုင်စွမ်းမရှိပါလေ။

"ထွင်းငယ်က ဘွားဘွားရဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက် အစုံစုံ ဖြစ်ပေးပါ့မယ်....သည်လိုကလေးလေ...."

သူပြုံးရယ်လိုက်ရင်း ယခင်က ဘွားဘွားသင်ပေးထားသော ဂွင်ထိုင်နည်းနှင့် ကကွက်ကလေးတစ်ကွက်အား ဇက်ခနဲ ကပြမိတော့သည်။ ဘွားဘွားဟူသော အမျိုးသမီးမှာ မျက်ရည်များကြားမှပင် ပီတိပြုံးပြုံးနေတော့သည်။

"ဟုတ်ပါပြီ....ဘွားမြေးကလေးက ဘွားရဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက် အစုံစုံပါပဲကွယ်...."

ထို့နောက် လရောင်ကောင်းစွာကျရောက်နေသည့် ရေနံချေးနိုင်နိုင်သုတ်ထားသည့် ထိုအခန်းထဲ မြေးအဘွားနှစ်ဦး အပြုံးချင်းပြိုင်နေကြလေတော့သည်။

######

"ဘွားဘွား~~~"

အဆုံး၌ကား ချွေးစိုစိုဖြင့် သူရုန်းထမိတော့သည်။ ထွင်းအက္ခရာမှာ မောဟိုက်လို့နေသည်။ နှဖူးထက်၌ ချွေးများစိုကပ်နေပြီး ရင်အစုံသည်လည်း မြင့်ချည်နိမ့်ချည်ဖြစ်နေလျက်။

"ဘွားဘွား~~~"

သူ့ခေါ်သံတိုးတိုးမှာ ငိုသံစွတ်နေ၏။ ဘွားဘွား...ဘွားဘွား။ ဘွားဘွားမှာ သူပင်ပန်းနွမ်းနယ်နေသည့် အချိန်များရောက်တိုင်း အိပ်မက်ထဲတွင် ယခုကဲ့သို့ လာရောက်နှစ်သိမ့်တတ်သည်။ သီချင်းကလေးများလည်းဆိုပြတတ်သည်။ တစ်ခါတစ်ရံ အက,ကလေးများလည်း ကပြတတ်သည်။ ခေါင်းလုံးလုံးကိုလည်း ဆွဲဖွကာ အပြုံးနုနုဖြင့် လာရောက်ပြုံးပြတတ်သည်။ ဘွားဘွားမှာ သူငယ်စဥ်က ပေးခဲ့သော ကတိကလေးကို အမြဲတည်နိုင်လေအောင် သတိလာလာပေးတတ်သည်။ စိတ်ပင်ပန်းနေပါလျှင်လည်း အိပ်မက်ထဲတွင် နှစ်သိမ့်ပေးတတ်သည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now