"~~တကူကူးကူ~~တကူကူးကူ~~
(~~တကူကူးကူ~~တကူကူးကူ~~)
~~ချိုတေးသံသာ ပျိုလေးထံမှာ~~
(~~ချိုတေးသံသာ ပျိုလေးထံမှာ~~)
~~ချစ်တင်းနှော ပြောဖို့ ရွှင်ကြည်စွာ~~
(~~ချစ်တင်းနှော ပြောဖို့ ရွှင်ကြည်စွာ~~)"

ထိုင်ရာမှ ထ၍ ပုခက်နားသို့ လျှောက်ကာ သီချင်းကလေးအား သံယောင်လိုက် ညည်းဆိုမိသည်။ သည်သီချင်းကို သူအလွတ်ရနေပါပြီ။ ကလေးချော့သိပ်ချိန်တိုင်း အမြဲတစေ ကြားနေရသည်မဟုတ်လား။ သူ့ခြေတိုတိုတုတ်တုတ်ကလေးများဖြင့် ကြမ်းခင်းမှအသံမထွက်စေရန် ကိုယ်ဖော့လျှောက်ရင်း အမျိုးသမီးကြီးထံ ချည်းကပ်မိသည်။ သူ့ကို မြင်သည်နှင့် ထိုအမျိုးသမီးကြီးမှာ ထပ်မံပြုံးပြန်တော့သည်။

"~~တောင်သေလာ ချောင်ဟေမဝါ~~
(~~တောင်သေလာ ချောင်ဟေမဝါ~~)
~~မာလာဖော့ ညှာကျော့~~
(~~မာလာဖော့ ညှာကျော့~~)
~~ပျိုနွဲ့သူဇာ ကြိုလှည့်ပါ~~
(~~ပျိုနွဲ့သူဇာ ကြိုလှည့်ပါ~~)
~~တကူးကူးကူးကူးကူး~~
(~~တကူးကူးကူးကူးကူး~~)"

သီချင်းလေးအဆုံးတွင် သူ့မျက်ဝန်းများ ပိတ်ကျသွားသည်အထိ ပြုံးမိသည်။ ပုခက်ထဲမှ ကလေးငယ်အား တစ်ချက်ချောင်းကြည့်ကာ အသည်းတယားယားဖြစ်နေတော့သည်။ ပုခက်ထဲ၌ သူနှင့်တစ်ချိန်တည်းမွေးသူဖြစ်သော်ငြား ခန္ဓာကိုယ်သေးကွေးသည့် ချစ်စရာကလေးမှာ နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။

"ထွင်းငယ်....ဘွားမြေးကလေး...​​ထွေးငယ်ကလေး အိပ်မောကျနေတာ ချစ်ဖို့မကောင်းပေဘူးလား...."

သူ့ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြမိသည်။ သူသည်လည်း ထွေးငယ်ကလေးကို အသည်းတယားယားဖြင့် ချစ်ရသည်မဟုတ်လား။

"ဘွားမြေးလေး ထွင်းငယ်ကလည်း အလွန့်ကို ချစ်ဖွယ်ကောင်းတာပါပဲ....ဘွားဖြင့် အသည်းယားလိုက်တာလေ...."

ထိုအမျိုးသမီးကြီးမှာ သူ့ခေါင်းလုံးလုံးအား ဆွဲဖွကာ တိုးတိုးရေရွတ်နေတော့သည်။ ပုခက်ထဲမှ ကလေးငယ် နိုးသွားမည်ကို စိုး၍ထင်ပါ၏။

"သည်ညတော့ ဘွားမြေးကလေးကိုလည်း ဘွားကိုယ်တိုင် ချော့သိပ်မယ်နော်....ဘွားမြေးလေး ဘယ်သီချင်းလေး နားထောင်ချင်လဲ"

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now