ဝမ်ဆုန်းက သူ့ကို လှမ်းစသည်။

"ဂဏန်းလေး၊ နင် သူ့မွေးနေ့အတွက် အဲ့လောက် ဂရုတစိုက်လုပ်ပေးထားတာ၊ ငါတို့ မီးပုံပွဲပါတီကျရင် နင် ကုမင်ရှီအတွက် ကပေးသင့်တယ်။"

ဖန်ချန်က သူ့အား မဲ့ရွဲ့ကာ..

"ရတယ်လေ၊ က.ဆိုတော့လည်း ကတာပေါ့။ ဘယ်သူ့ကြောက်နေရဦးမှာလဲ"

ညစာစားပြီးချိန်တွင် အလုပ်သမားတစ်ယောက်က ကွင်းပြင်ကျယ်၌ မီးပုံပွဲတစ်ခု စီစဥ်ကာ သီချင်းဖွင့်ပေးလာသည်။ ကျောင်းသားတို့မှာ မီးဖိုပတ်လည်တွင် ဝိုင်းဖွဲ့ထိုင်ကြပြီး အနုပညာကော်မတီမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို၊ အသံလည်းကောာင်းတဲ့ ကျန်းကျီယာက ဦးဆောင်၍ သီချင်းတစ်ပုဒ်ဆိုသည်။

အများစုမှာ သူနှင့်အတူ လိုက်ဆိုကြ၏။ နောက်တော့ ဂီတသံက ပိုမို မြူးထူးလာသည်နှင့် ကျောင်းသားအချို့ ထရပ်ကာ လက်ချင်းချိတ်၍ မီးပုံအား ဝိုင်းဖွဲ့ ကကြတော့သည်။ သူတို့ ကသည်နှင့် ကျန်သူများပါ ဝင်ပါလာပြီး၊ ဆရာမတိုက် တောင်မှ ကျန်းကျီယာ၏ ဆွဲခေါ်ခြင်း ခံရသည်အထိ။

အခန်းရဲ့ထောင့်နားလေးမှာ ထိုင်နေခဲ့သည့် ဖန်ချန်မှာ၊ အတန်းထဲမှာလည်း ဘိတ်ချေးအဆင့်လို ဖြစ်နေတော့ အတန်းထဲက ကျန်သူများနှင့် သိပ်မရင်းနှီးလှ။ သူ နှင့် ခင်မင်သူဆို၍ ကျိုးနန်ကျုံး၊ ဝမ်ဆုန်း နှင့် ရူပဗေဒလက်တွေ့ချိန်များမှာ တွဲဖက်ကျသူ လီရှောင်ယန် တို့သာ ရှိသည်။ သို့ပေမဲ့ ထိုအခိုက်အတန့်လေးမှာတော့ မီးအလင်းရောင်ထဲ မြင်နေရသည့် ရင်းနှီးသော၊ မရင်းနှီးလေသော မျက်နှာတို့က ဖန်ချန့်ကို တသိမ့်သိမ့် ကြည်နူးပျော်ရွှင်စေသည်။

အခန်း ၂ မှ ကျောင်းသား အများစုမှာ အမြန်တန်းထဲ ဆက်လက်သင်ကြားခွင့် ရမည်ဖြစ်ပြီး၊ ၈ယောက်၊ ၉ယောက်လောက်သာ အခြားတန်းခွဲသို့ ခွဲထုတ်ခံရလိမ့်မည်။ ဒီနွေရာသီကျောင်းပိတ်ရက်ပြီးလျှင်တော့ သူတို့ သီးခြားစီ ဖြစ်သွားကြရတော့မည်။ ဒါက သူတို့ဘဝမှာ တကြိမ်တခါမျှ ရေစက်ဆုံရသည်နှင့် တူပေသည်။ ဖန်ချန်က ဘေးနားတွင် ရှိနေသော ကုမင်ရှီကို လှည့်ကြည့်လိုက်မိ၏။ သူက ဒူးထောင်၍ ထိုင်နေပြီး၊ ဒူးပေါ်မေးတင်ကာ သီချင်းဆိုနေ၊ ကနေကြသော သူတို့ကို ကြည့်နေ၏။ မီးပုံပွဲမှ မီးတောက်တို့က သူ့မျက်ဝန်းထဲ ကခုန်နေသလိုပင်၊ သူ့နှုတ်ခမ်းထက်၌ အပြုံးပါးပါးတွဲခိုလျက် ရှိနေပုံက ဖန်ချန့်အား နှလုံးသားထဲ တချက်ဆွဲငင် ခံထားရသလို ဖြစ်သွားစေ၏။

ကျမရဲ့ ငှက်ကုလားအုတ်လေး (Completed)Where stories live. Discover now