အညတရ

2K 263 10
                                    

"ဟျောင့်တွေ.. မင်းတို့အသက်ကို တန်ဖိုးထားစမ်း.. အရဲမစွန့်ကြနဲ့.. မသေမှ တော်လှန်ရေးဆက်လုပ်လို့ရမှာ"

ထိုစကားသည် ကိုထင်လင်းက လူငယ်များကို အမြဲပြောတတ်သည့် စကားတစ်ခွန်းဖြစ်သည်။ လူငယ်များကိုဟု ပြောရသော်လည်း သူကိုယ်တိုင်က အသက်နှစ်ဆယ်ကျော်ရုံသာရှိပြီး အသက်သုံးဆယ်ပြည့်ရန် အတော်လိုသေးသည်။ အခြားအခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူငယ်များနည်းတူ ပညာစုံချိန်တွင် ကျွမ်းကျင်လုပ်ငန်းတစ်ခုဖြင့် အသက်မွေးဝမ်းကျောင်းရင်း ဘဝအနာဂတ်အိပ်မက်များအတွက် ကြိုးစားနေသူ သာမန်လူတစ်ဦးသာ။

အာဏာသိမ်းပြီးချိန် အခြားမြို့များတွင် ဆန္ဒပြမှုများနှင့် လူထုသပိတ်များ စည်စည်ဝေနေချိန် ကိုထင်လင်းတို့နေရာမှာ ငြိမ်သက်နေဆဲ။ မြို့ငယ်လေးဖြစ်၍လည်း အကြောက်တရားက လွှမ်းမိုးထားသည်။ ဦးဆောင်မည့်သူမရှိ။ တိုက်တွန်းမည့်သူမရှိ။ လစ်လပ်နေသော နေရာအတွက် သမိုင်းပေးတာဝန်ကို ပခုံးလွှဲပြောင်းယူခဲ့သူက အရပ်ပုပု၊ လူကောင်သေးသေးလေးနှင့် စကားမပီသူ ကိုထင်လင်းဆိုသူ။ သူက စကားမပီသော်လည်း တော်လှန်ရေးစိတ်ဓါတ်ကတော့ ပီပြင်လွန်းသည်။ သူ့မိန့်ခွန်းများသည် အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်နေသလို သူ့ ခံယူချက်က မည်သည့်ခြိမ်းခြောက်ဖျားယောင်းမှုကြောင့်မှ ယိမ်းယိုင်ခြင်းမရှိဘဲ မြဲမြံသည်။

ဒီမိုကရေစီ ရရှိရေး..

စစ်အာဏာရှင် ကျဆုံးရေး...

မပီသော စကားသံနှင့်ပင် အသံပြာအောင် ရှေ့ဆုံးမှ အော်ပေးသူနောက်မှာ ဝန်းရံသူတွေ ပြည့်လာသည်။ ကြောက်စိတ်ဖုံးနေသူများ၏ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးစိတ်ဓါတ်များကို ရဲရဲတောက်သည်အထိ ဖော်ထုတ်ပေးခဲ့သည်။ ကျည်ဆံတွေ၊ ထောင်ဒဏ်တွေ၊ ညှင်းပန်းမှုတွေကို အရှုံးမပေး အာခံနေချိန်မှာပင် စစ်မိစ္ဆာများ၏ လူမဆန်မှုများကို ကိုယ်တိုင်မြင်ခဲ့ရသလို အခင်မင်ဆုံးသူများထံ တိုက်ရိုက်သက်ရောက် လာခဲ့သည်။

"ငါ ထောင်ဖောက်မယ်ကွာ.. ရအောင်ကယ်မယ်"

နာကြည်းမှုကြားမှ ဇွဲမလျှော့သည့် ကိုထင်လင်း။ အသက်ပေးခဲ့ရသည့် လူငယ်ရဲဘော်လေး၏ မျက်နှာကို မေ့မရသလို အဖမ်းဆီးခံ ရဲဘော်များအတွက် အခဲမကြေနိုင်။ မတရားမှုတိုင်းသည် ငုံ့ခံနေရုံနှင့် ပြီးသွားလိမ့်မည်မဟုတ်တာကို နားလည်သည်။ လူမဆန်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မှသာ တစ်နိုင်ငံလုံးအတွက် အနာဂတ်ရောင်ခြည်ကို မြင်ရမှာကို ယုံကြည်သည်။ အမှန်တကယ်လည်း ရဲဘော်များကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့သည်။ အောင်မြင်သည်၊ မအောင်မြင်သည်ကို ရလဒ်အပေါ် မူတည်ဆုံးဖြတ်သည်မဟုတ်ဘဲ လုပ်ရပ်များဖြင့်သာ သက်သေပြချင်သူ။ အခက်အခဲအမျိုးမျိုးကြားမှ သက်စွန့်ဆံဖျားကြိုးစားကာ မြို့ပြမှသည် တောတန်းတစ်နေရာစီသို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ခံယူချက်တို့ဖြင့် ရောက်လာခဲ့သည်။

ထိုနေရာလေးသည် ကိုထင်လင်းအတွက် အဓိပ္ပါယ်အရှိဆုံးနေ့ရက်များကို ပိုင်ဆိုင်စေခဲ့သည်။ သွေးရင်းချာသဖွယ် ခင်မင်ရသည့် တော်လှန်ရေးရဲဘော်သစ်များနှင့် ခင်မင်စေခဲ့သည်။

"ကိုထင်လင်းရာ.. ဓါးမက ခင်းဗျားအရပ်ထက်ပိုရှည်နေပြီ"

ခါးကြားထိုးထားသည့် ဓါးမတိုသည်ပင် သူ၏ အထိန်းအမှတ် ဖြစ်လာခဲ့ပြီ။ ဘယ်သူဘာပြောပြော ကိုထင်လင်းကတော့ ရယ်နေသည်ပင်။ ဒီဓါးမသည် တောတန်းထဲမှာ သူနှင့်မကွာခဲ့သည် အဖော်မွန်။ ခုခံဖို့ရော၊ သစ်ခုတ်၊ ဝါးခုတ်မှအစ တော်လှန်ရေးရဲဘော်တွေအတွက် ချွေးတလုံးလုံးနှင့် ချက်ပြုတ်ဖို့ရန်ပါ မရှိမဖြစ်။ သူရောက်လာကတည်းက စခန်းလေးမှာ ရဲဘော်တွေပိုပြီး စားမြိန်ကြသည်။ သူကလည်း မရှိ ရှိတာ၊ မရ ရတာနှင့် စားကောင်းအောင် ချက်ပေးနိုင်သည်။ မွေးရပ်မှာလို လက်ဖက်ရည်ဆိုင်တွင် စီးကရက်ဖွာရင်း ဘောလုံးပွဲအကြောင်း ပြောနေတတ်သည့် ကိုထင်လင်းမဟုတ်တော့။ တောကြီးမြိုင်ထဲမှ အိုးသူကြီး ကိုထင်လင်း ဖြစ်၍လာခဲ့ပြီ။ တော်လှန်ရေးရဲဘော်များအတွက် နေ့စာ ညစာသာ သူ့ခေါင်းထဲရှိသည်။ ထိုအတွက်လည်း ရံပုံငွေအလှူငွေတွေရဖို့ တစ်ဖက်တလမ်းမှ ကြိုးစားသည်။

"ဟျောင့်တွေ.. ခရစ္စမတ်ညမှာ ငါ မင်းတို့ကို ဝက်သားတုတ်ထိုးနဲ့ xxx အရက် တိုက်မယ်.."

"ဟာ မနောက်စမ်းပါနဲ့ ကိုထင်လင်းရာ"

"ဆန်အရက်လားဗျ.. ဟား ဟား"

"ဆန်အရက်ပဲဖြစ်မှာ"

"ငါတို့အစ်ကိုကြီးတော့ ဓါးမကြီးနဲ့ ဝက်သတ်တော့မယ်"

အချင်းချင်းနောက်ပြောင်မှုများကြား ကိုထင်လင်းစကားကို မယုံနိုင်ကြ။ ကျည်တစ်တောင့်၊ ထမင်းတစ်နပ်အတွက် ခက်ခဲနေချိန်မှာ နိုင်ငံခြားဖြစ်အရက်တစ်မျိုး၏ အမည်နာမက သူတို့လက်ရှိဘဝနှင့်ဝေးကွာလွန်းသည်။

"မင်းတို့က ငါ့ကို အညတရကောင်ဆိုပြီး အထင်မကြီးဘူးပေါ့.. အေး.. စောင့်ကြည့်စမ်းပါ.."

ကိုထင်လင်း ကြိမ်းဝါးရင်းက ပြုံးပြုံးကြီးဆိုသည်။ ခရစ္စမတ်ညမှာတော့ အေးစိမ့်ညို့မှိုင်းသော တောတန်းတစ်နေရာမှာ အသားကင်နံ့တို့ သင်းသင်းကြိုင်သည်။ ကိုထင်လင်း တိုက်ပါမည်ဆိုသော အရက်ပုလင်းနှင့် ဘီယာဗူးများသည်လည်း အဆင်သင့်။ အိမ်နှင့်ဝေး၊ မိသားစုနှင့်မဆုံ၊ မည်သည့်ဇိမ်ခံပစ္စည်းမျိုးနှင့်မဆို ကင်းကွာနေသည့် ရဲဘော်များအတွက် ပျော်စရာညနေခင်းလေးကို ဖန်တီးပေးကာ ပြုံးရွှင်နေသည်။ ငါ မပြောဘူးလားဆိုသည့် အပြုံးကျယ်ကျယ်ကို မီးရောင်အောက်မှာ မြင်နေရသည်။

"တော်လှန်ရေးပြီးရင်ကွာ..."

နှင်းမြူစိုင်းသော တောတန်းထဲတွင် ဒီစကားသံသည် အကြားရဆုံး ဖြစ်ပါလိမ့်မည်။ အိပ်မက်ကိုယ်စီ၊ အနာဂတ်ကိုယ်စီကို ရင်းနှီးခဲ့ကြသော်လည်း သူတို့ရဲ့ မျှော်လင့်ချက်များကတော့ တောက်ပနေဆဲ။ ကိုထင်လင်းသည် ရဲဘော်အားလုံးစားရစေရန် ဝက်သားတုတ်ထိုးများကို ပြင်ဆင်ပေးရင်းက ဒီစကားကို ထပ်ကာဆိုသည်။

"တော်လှန်ရေးပြီးရင် ငါ့မြို့ကို ငါမပြန်တော့ဘူး"

"တကယ်လားဗျ ကိုထင်လင်းရ"

"ဘာတုန်း xxxx သူ လေးတွေ ချောလို့လား"

"ကိုထင်လင်းဆိုရင်တော့ ဓါးမကိုပဲ ယူမှာ"

ရယ်သံတွေကြားမှာ ကိုထင်လင်းက ငြင်းလည်းမငြင်း။ ဝန်လည်းမခံ။

ကြယ်စုံသော ညတစ်ညမှာ အနာဂတ်ကိုမျှော်တွေးရင်း ကိုထင်လင်း ပြုံးနေသည်။ တိုင်းရင်းသားတို့သည် မိမိတို့ရဲ့ ကျေးဇူးရှင်တွေ။ ဒေသခံများသည် စစ်ဘေးစစ်ရှောင်ရစေကာမူ တော်လှန်ရေးစိတ်ဓါတ် မနည်းကြသူတွေ။ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ပြီး ငြိမ်းချမ်းရေးရပြီးချိန် ဒီနယ်၊ ဒီဒေသတွေဆီမှာသာ အခြေချမည်။ ဒေသတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားချင်သည်က ကိုထင်လင်း၏ ခံယူချက်ပင်။

"ကိုထင်လင်း.. ဒီအရက်ပုလင်းကြီး ဘယ်ကရတုန်းဗျ"

"ငါ့ညီတစ်ယောက်ပို့လိုက်တာ"

"ဘယ်လိုစည်းရုံးလိုက်လဲဗျာ"

"ဟဲ ဟဲ"

"ပြောစမ်းပါဦး.. နည်းလမ်းလေးတွေ မှတ်ရအောင်"

"ပိုက်ဆံမပို့ရင် မင်း facebook အကောင့်ကို group တွေထဲ ဖြန့်မယ်ပြောတောင်းတာ"

ရယ်သံတွေ ဆူညံသွားသည်။ ကိုထင်လင်း ရယ်တုန်း ပြုံးတုန်း။ ညီ ဆိုသည်က တော်လှန်ရေးရဲဘော်တစ်ဦးသာ။ တစ်နှစ်ကျော်ကာလမှာ ညီရင်းအစ်ကိုထက်ပိုမိုခင်တွယ်ရသည့် ရဲဘော်ရဲဘက်။ သို့သော် အစောချိန်များတွင် သူတို့နှစ်ဦးသည် အဆင်ပြေခဲ့ကြသည်မဟုတ်။ ကတောက်ကဆတွေ၊ အဆင်မပြေတာတွေနှင့် အကြိမ်ကြိမ် အဆင်မပြေဖြစ်ခဲ့ကြဖူးသည်။ သို့သော် တော်လှန်ရေးမှာ ဒါတွေက အသေးအဖွဲတွေ။ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်ရောက်ရန် ဒီလိုအငြင်းပွားမှုများသည် ဘာမှ အရေးမကြီးသည်ကို သူတို့ နားလည်ကြသည်။

အဆင်မပြေ ဖြစ်ရသည်မှာလည်း ကိုထင်လင်းက စကားပြောလျှင် ဘွင်းဘွင်းပြောတတ်သည်။ သူ့ပုံစံကိုက စကားမပီကလာနှင့် ဘုဂလန့်ပြောတတ်သည်။ အခြားသူ နားထောင်၍ ကောင်း၊ မကောင်း စဥ်းစားမနေဘဲ စိတ်ထဲရှိသည့်အတိုင်း ပြောချတတ်သဖြင့် အမှန်တရားက တစ်ခါတလေ ခါးနေသလို ခံရခက်စေသည် မဟုတ်ပါလား။ သို့သော် စိတ်ရင်းက စကားပြောသည့် တော်လှန်ရေးရဲဘော်များကြားမှာ ကိုထင်လင်းသည် ယိုပေါက်ဖာသူတစ်ဦး ဖြစ်လာခဲ့တာကြာခဲ့ပြီဖြစ်သည်။

တော်လှန်ရေးအတွက် လက်နက်ကိုင်တိုင်းရင်းသားများထံ ရောက်လာခဲ့သူများ၏ အတွေ့အကြုံ၊ အခြေအနေများသည် မတူညီကြ။ ထို့အပြင် တောတွင်းလက်နက်ကိုင် တော်လှန်ရေးသည် ကြမ်းတမ်းမှုများ အခက်အခဲများနှင့် ဖြစ်သည်။ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နိုင်ဖို့ဆိုတာ လွယ်ကူသည်မဟုတ်။ လူငယ်များအတွက် အသေးအဖွဲမှအစ မကြာခဏဆိုသလို အထိအတွေ့ဖြစ်ရသည်မှာ အဖွဲ့အစည်းနှင့် လုပ်ကိုင်မှုများအပေါ် မရင်းနှီးသည့် သဘောများမှ အခြေခံသည်။ ထို့အတွက် ကိုထင်လင်းသည် လူငယ်များကို ဟန့်တန်ဟန်သည်။ တားတန်တားသည်။ ထို့အတူ ပန်းတိုင်ရောက်ရန် လိုအပ်သည်များ ညှိနှိုင်းအဖြေရှာသင့်လျှင် ရှာဖွေကာ ပြေလည်အောင်ကြိုးစားသည်။ အားလုံး၏ တူညီသော ရည်မှန်းချက်သည် စစ်အာဏာရှင်ကို တော်လှန်ရန်အတွက်သာ။

"ဟျောင့်တွေ.. ငါ ရှေ့တန်းထွက်မယ်"

ကိုထင်လင်းပြောတော့ အားလုံးက မယုံနိုင်ပြန်။ တားသည့်သူက တားကြသည်။ တောထဲရောက်နေသော်လည်း ကိုထင်လင်းသည် မြို့ပြပျောက်ကြားလူငယ်များအတွက်ပါ မရှိမဖြစ် အရေးပါသူ။ သူ့အားပေးစကားတစ်ခွန်းသည် နေ့စဥ်ခက်ခဲမှုများကြားရုန်းကန်နေရသူ လူငယ်များအတွက် အားဆေးတစ်ခွက်။ ထို့အပြင် တော်လှန်ရေးကိုယ်ခွဲများဟု ပြောရမည်လား။ ကိုထင်လင်းသည် တောထဲမှာသာရှိနေရုံ၊ ရဲဘော်များအတွက် ချက်ပြုတ်ပေးရုံ၊ လိုအပ်သည့် လေ့ကျင့်မှုများ သင်ယူနေရုံသာမက မြို့ပြတော်လှန်ရေးတွင် လိုအပ်သည့် ထောက်ပံ့မှုများကို ရှာဖွေပေးနေသူတစ်ဦး။ မြို့ပြဖြစ်စေ၊ တောထဲဖြစ်စေ ရဲဘော်တွေမှာ အခက်အခဲတစ်ခုခုရှိသည်ဆိုတာနှင့် မည်သည့်ကိစ္စကိုမဆို စိတ်ရောကိုယ်ပါ မရ ရအောင် ဖြေရှင်းကူညီပေးချင်သူတစ်ဦးပင် မဟုတ်ပါလား။

"မသွားပါနဲ့ဗျာ.. ခင်ဗျားနောက်တန်းမှာပဲနေပါ"

"ငါ ဒီကိုလာတာ ခွေးတွေကို တိုက်ဖို့လာတာ.. ဒီအတိုင်းမနေချင်ဘူး.."

တား၍မရမှန်းသိသော ကိုထင်လင်းကို ရဲဘော်များက ဂရုစိုက်ရန်သာ ပြောနိုင်ခဲ့သည်။

တော်လှန်ရေးကာလတွင် မည်မျှပင် သံယောဇဥ်ရှိကြစေကာမူ တွေ့ဆုံကြုံကွဲဆိုတာ မထူးဆန်းတော့။ အချို့အချို့သော ခင်မင်မှုများသည် ခေတ္တမျှသာဖြစ်ခဲ့သော်လည်း နက်ရှိုင်းမှုမှာ ယှဥ်၍မရနိုင်။ တစ်နေ့တာအတွက် တာဝန်ကျေအောင် ကြိုးစားကြသူများအတွက် မနက်ဖြန်ဆိုတာ တန်ဖိုးကြီးသော အိပ်မက်တစ်ခုပမာ။ အသက်နှင့်ရင်း၍ တော်လှန်ရသော တော်လှန်ရေးတွင် မက်စင်ဂျာမှာ မက်စေ့ချ်တစ်ခုသည်လည်း အချိန်မရွေး နောက်ဆုံးနှုတ်ဆက်စကား ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

"ကိုထင်လင်းကျသွားပြီ"

ထိုစကားတစ်ခွန်းသည်သာ သူ့ကိုခင်ကြသည့်၊ သူ့ကို တွယ်တာကြသည့် လူငယ်များထံ သတင်းစကားအဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။ စကားမပီသော ကိုထင်လင်းဖြစ်စေ။ ဓါးမတို ခါးကြားထိုး ကိုထင်လင်းဖြစ်စေ။ သပိတ်ခေါင်းဆောင်၊ တော်လှန်ရေးရဲဘော် ကိုထင်လင်းဖြစ်စေ။ မည်သည့် သတ်မှတ်ချက်ကိုမဆို ပြုံးပြုံးနှင့်သာ လက်ခံနိုင်ခဲ့သူ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်သည် ချစ်ရသော မြေပေါ်တွင် ယုံကြည်ချက်အတွက် မိမိအသက်၊ အနာဂတ်နှင့် မျှော်လင့်ချက်များအားလုံးကို ပေးဆပ်သွားခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကင်းရှင်းစေရန်ဟူသည့် ပန်းတိုင်တူကြသော တော်လှန်ရေး ရဲဘော်များနှင့်အတူ နောက်ဆုံးအချိန်ထိ သစ္စာရှိစွာ တာဝန်ကျေခဲ့သည်။

"ခွေးတွေဝိုင်းနေတဲ့နေရာမို့ ကျွန်တော်တို့ .. ကျွန်တော်တို့ သူ့ကို .."

ယူကျုံးမရသော ရဲဘော်များကို နှစ်သိမ့်ပေးဖို့ ကိုထင်လင်း မရှိတော့။ ခက်ခဲဆုံးအချိန်များတွင် အားပေးစကားတစ်ခွန်းနှင့် လူငယ်များကို ခွန်အားဖြည့်ပေးခဲ့သူ မရှိတော့။ ကိုထင်လင်း၏ နောက်ဆုံးအချိန်အတွက် ဖျာလိပ်လေးတစ်ခုနှင့်သာ ပြီးစလွယ်နှုတ်ဆက်ခဲ့ရသည်။ သို့သော် သူ့ခံယူချက်၊ သူ့ယုံကြည်မှုနှင့် ကြိုးစားမှုများကိုတော့ အောင်မြင်စွာ လက်ဆင့်ပေးအပ် တာဝန်ကျေခဲ့သည်။ မည်သည့်ရာထူးကိုမှ လက်မခံ၊ လူငယ်များရင်ထဲက လေးစားခြင်းနှင့် ယုံကြည်မှုကိုသာ ရယူထားသည့် အညတရသူရဲကောင်း ကိုထင်လင်းကတော့ သူ့ရဲ့နောက်ဆုံးအချိန်အတွက်လည်း မည်သူ့ကိုမှ အပြစ်တင်မှာ မဟုတ်ဘဲ ပြုံးပြုံးနှင့်သာ လက်ခံပါလိမ့်မည်။ သူသာ ပြောခွင့်ရှိဦးမည်ဆိုလျှင်

"ငါက အသက်စွန့်တော်လှန်တာမဟုတ်ဘူးကွ.. အသက်မြဲအောင် ကြိုးစားပြီး တော်လှန်ခဲ့တာပဲ.. အေး.. ဒါပေမဲ့ကွာ.."

ဟူ၍များ ပြောလေဦးမည်လား... ဟု...

အကြင်နာမွန်
၁၈.၀၈.၂၀၂၂

....................

ဖြစ်ရပ်မှန်အကြောင်းအရာများကို အခြေခံကာ ဇာတ်လမ်းသဘောအရ ပြင်ဆင်ရေးသားခြင်းဖြစ်ပါသည်။ ဝေမျှပေးသည့် တော်လှန်ရေးရဲဘော်များ၏ ဆန္ဒအတိုင်း ခွင့်ပြုချက်မရှိဘဲ အသုံးမပြုပါရန်နှင့် အကျိုးအမြတ်အတွက် အသုံးမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။


........................


နွေဦးတော်လှန်ရေးဝတ္ထုတိုများWhere stories live. Discover now