ငေးမောနေကြသူ မိန်းမပျိုအပေါင်းအား ထွင်းအက္ခရာသတိပေးလိုက်သည်။ အဟုတ်လည်း လုပ်စရာအလုပ်တွေမှာ ပုံနေသည်လေ။ ထို့အပြင် တစ်ခေတ်မောင်အား ငေးမောကြည့်နေကြသည်ကို သိပ်ဘဝင်မကျချင်သည်ကြောင့်လည်း ပါပေ၏။

"ဟုတ်ကဲ့ အစ်ကိုအက္ခရာ...."

မွှေး၏ ပြန်ဖြေသံက စိတ်မပါလက်မပါ ပြီးပြီးရော ပြန်ဖြေသံဖြစ်၏။ သို့ပေမဲ့လည်း သဘင်အဖွဲ့စတည်ကတည်းက ခင်မင်လာခဲ့ရသည့် ညီမလေးမို့ သူအပြစ်မမြင်တော့ပါ။ သူ့သတိပေးသံကြောင့် အမျိုးသမီးများအားလုံး အကြည့်ကိုယ်စီလွှဲလျက် အလုပ်လုပ်နေကြတော့သည်။

"အစ်ကိုအက္ခရာ ညီမတို့နဲ့အတူ ကြက်သွန်ခွာနေရတာ အဆင်ပြေပါရဲ့လား....အစ်ကိုက ယောက်ျားတစ်ဦးဆိုတော့  သည်လို မိန်းကလေးအလုပ်တွေ လုပ်နေတာတွေ့ရတာ တစ်မျိုးကလေးဖြစ်နေလို့...."

မွှေးက သူ့နားနားကပ်ကာ ​ခပ်တိုးတိုးဆိုလေ၏။ မွှေးသူ့ကို ယခုကဲ့သို့ ခနဲ့တဲ့တဲ့ စကားမျိုးမပြောဖူးပါချေ။ ထွင်းအက္ခရာ သက်ပြင်းချလိုက်မိသည်။ မြို့ခံအမျိုးသမီးများ  သူမိန်းကလေးဖြစ်သည်ကို ရိပ်မိသွားမည်စိုး၍ သူ့မှာ ခြုံထည်ကလေး ခေါင်းမြီးခြုံလျက် ဝိုင်းကူနေခြင်းပင်။  မွှေး၏ ယခုကဲ့သို့ ခနဲ့တဲ့တံ့အမေးက သူ့အား အနေရကြပ်စေသည်။

"ဝိုင်းဝန်းကူညီပေးရာမှာ ယောက်ျားကလေးအလုပ်၊ မိန်းမကလေးအလုပ်ရယ်လို့ ခွဲခြားနေစရာမှ မလိုတာပဲ ညီမမွှေးရယ်...ကိုယ်နိုင်သမျှဝန်ကို တစ်ဖက်လက်နဲ့ ဝိုင်းကူပေးနိုင်နေရင် ပြီးတာပဲ မဟုတ်လား....."

ထွင်းအက္ခရာ၏ ဖြေသံကို ပြန်ကြားရတော့ မွှေးမျက်နှာပျက်လျက် ချောင်းတစ်ချက်ဆိုးကာ အလုပ်ဆက်လုပ်နေလေသည်။ ဘုန်းကြီးကျောင်းမှ စားပွဲဝိုင်းကြီးပေါ်တွင် ဆီသပ်ရန် ကြက်သွန်နွှာသင်နေကြသော အမျိုးသမီးများမှာ ဟိုတစ်စု သည်တစ်စုဖြင့် စကားများတိုးကြိတ်ကြိတ်ပြောကာ တွတ်ထိုးနေကြသည်။ တစ်ချို့မှာလည်း ရယ်ရယ်မောရယ်ဖြင့် အလုပ်လုပ်နေကြသည်မှာ ပျော်ဖွယ်ကောင်းလေ၏။

"အစ်ကိုအက္ခရာနဲ့ တစ်ခေတ်မောင်နဲ့က သိပ်ရင်းနှီးသတဲ့ဆို...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) On viuen les histories. Descobreix ara