"တစ်ခေတ်မောင်....မင်းရော ငါ့ကို ရွံ့သလားဟင်...."

အစ်ကိုထွင်းက လက်သီးဆုပ်ကလေး တစ်ခေတ်မောင်ရင်ဘတ်ပေါ်တင်လျက် မျက်ရည်များဖြင့် မေးလာ၏။ တစ်ခေတ်မောင် ထိုလက်သီးဆုပ်ကလေးကို ဆုပ်ကိုင်လိုက်ပြီး။

"ရွံစရာလား အစ်ကိုထွင်းရယ်.....မရွံရပါဘူးဗျာ...."

"ငါက အမျိုးသမီးတစ်ဦးလို ဝတ်ဆင်ရတာ နှစ်သက်ရင်တောင်မှလား...."

အစ်ကိုထွင်းက အထွန့်တက်လာ၏။

"ဒါပေါ့.....လူတစ်ကိုယ် အကြိုက်တစ်မျိုးစီတဲ့....ကျုပ်က ရွံစရာလား...."

"ဇာတ်စင်ပေါ်မယ် အမျိုးသမီးတစ်ဦးလို နွဲ့နွဲ့နှောင်းနှောင်း သီဆိုကခုန်နေရင်တောင်မှလား...."

"ဒါပေါ့ဗျာ....."

"ဒါဆို နောက်ဆုံးမေးပါရစေ....ငါကအမျိုးသားတစ်ဦးဖြစ်လျက် အမျိုးသမီးတစ်ဦးကို မချစ်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင်မှလား....."

"ဟင်-----"

တစ်ခေတ်မောင်၏ နှလုံးသားမှာ အသွေးအသား၏ အပြင်ဘက်သို့ ခုန်ပေါက်ထွက်တော့မတတ် တဒုန်းဒုန်းခုန်လှုပ်လာ၏။ အမျိုးသမီးတစ်ဦးကို မချစ်နိုင်တဲ့ လူတစ်ယောက်တဲ့။ အုံ့မှိုင်းနေသော ကောင်းကင်ကြီးမှ နေအလင်း ရုတ်တရက်ဖြာကျလာသကဲ့သို့ တစ်ခေတ်မောင် ပြုံးလိုက်မိသည်။ မျှော်လင့်ချက်ရောင်ခြည်ကလေး ဖြာကျလာသည်မို့ မပြုံးဘဲမနေနိုင်တော့ပါချေ။ တစ်ခဏ အတွေးများစွာ အရောင်လက်လျက် မှင်သက်နေမိ၍ ငြိမ်သက်နေမိသော တစ်ခေတ်မောင်အား အစ်ကိုထွင်းက မည်သို့ ထင်မြင်သွားသည်မသိ ရင်ခွင်ထဲမှ ရုန်းထွက်သွားလေ၏။

"တောင်းပန်ပါတယ် တစ်ခေတ်မောင်....ငါလည်းပဲ ဘာတွေပြောမိနေမှန်းကို မသိတော့ပါဘူးလေ....ဆရာရသတို့နဲ့ တိုင်ပင်ပြီး ပြက်လုံးကို ပြန်ဖျက်လိုက်ပါ....သူတစ်ပါးရဲ့ ဖြစ်တည်မှုကို ခလုတ်တိုက်ပြီးမှ အောင်မြင်ချင်တဲ့သူတွေရယ်လို့ အဖြစ်မခံချင်လေဘူး...ပြက်လုံးပြက်တဲ့အခါ ညစ်ညမ်းတဲ့ စကားအသုံးအနှုန်းတွေကို ရှောင်ရှားရသလို တစ်ပါးသူရဲ့ ဖြစ်တည်မှုကို သရော်လှောင်ပြောင်တာမျိုးကိုလည်း ရှောင်ရှားသင့်တယ်ရယ်...."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now