After Falling In Love-5(Zawgyi)

Start from the beginning
                                    

အဆူအပူကြမ်းချက်က ဟိုလူကြီးထက်တောင် သာသည်ဟုဆိုရမည်။ လင်းထက်တို့ သည်နေ့မှ စရောက်သည်ဆိုသော်လည်း ဒေါ်သောင်နှင့် လူနာစောင့်တို့၏တိုက်ပွဲ၊ ဒေါ်သောင်နှင့် သန့်ရှင်းရေးဝန်ထမ်းတို့၏တိုက်ပွဲ၊ ဒေါ်သောင်နှင့်သူ့တပည့်ဆရာမတို့၏တိုက်ပွဲတို့ကို ရောက်ရောက်ချင်း ကြုံပြီးသွားခဲ့ပြီ။

ပီဂျီအစ်မနှင်းယုကတော့ ထိုအဖြစ်မျိုးဟာ နေ့တိုင်းပဲဟုဆိုပါသည်။ ဆေးရုံအုပ်ကြီးဦးကြည်တိုးနှင့်ကျောင်းနေဘက်ငယ်သူငယ်ချင်းဖြစ်သည့်အားလျော်စွာ တစ်ခုခုဆို ဆေးရုံအုပ်နှင့်တက်တိုင်တာမို့ ဆရာဝန်တွေတောင် သူ့ကို လန့်ရသည်ဟုဆိုသည်။ ဌာနထဲ စည်းကမ်းကြီးချက်ကလည်း လက်လန်သည်တဲ့။ တစ်ခါတလေတော့လည်း အစွန်းရောက်လွန်းသည်ဟု အစ်မနှင်းယုက အတင်းတုပ်သွားခဲ့သေးသည်။ လင်းထက်တို့ကိုလည်း ကင်းကင်းလွတ်လွတ်နေဖို့ ရောက်ကတည်းက မှာထားသည်။

ယခုတော့ ကောင်းကောင်းတစ်ယောက် ရောက်ရောက်ချင်း ဈေးဦးဖောက်သွားချေပြီ။ 

ဌာနတိုင်းတွင် မနက်ခင်းတိုင်း သန့်ရှင်းရေးဝန်ထမ်းက ဝက်ဒ်ထဲတစ်ခုလုံး ကာဘော်လိုက်တိုက် သန့်ရှင်းလုပ်တတ်သည်မှာ ထုံးစံ။ ကြမ်းပြင်ကို ဖီနောကဲ့သို့သောအရည်တစ်မျိုးဖြင့် ကြမ်းတိုက်သန့်ရှင်းရေးလုပ်ရတာမျိုး။ ထိုသို့ သန့်ရှင်းရေးမလုပ်မှီ လှုပ်ရှားသွားလာမှုမပြုနိုင်သည့် လူနာများနှင့် သတိမလည်သေးသည့်လူနာများ၏လူနာစောင့်များမှအပ ကျန်လူနာစောင့်များကို အပြင်ထွက်ခိုင်းထားတတ်သည်။ မနက်ခင်းဆရာဝန်များ ရောင်းလှည့်ဖို့အတွက်ရော သန့်ရှင်းရေးလုပ်ဖို့အတွက်ပါ တစ်ခါတည်းပေါင်းပြီး ထွက်ခိုင်းထားခြင်းဖြစ်သည်။

ထို့နောက် အရည်မခြောက်မချင်း ထိုအပေါ်သို့ မည်သူမျှ ဖြတ်မသွားခိုင်းချေ။ မဖြစ်မနေသွားကြလျှင်တောင် ဘေးမှ ကပ်ပြီးဖြတ်လျှောက်သွားတာမျိုးလုပ်တတ်ကြသည်။ ထိုမှသာလည်း သန့်ရှင်းရေးလုပ်ထားသည်က အရာထင်မည်မဟုတ်ပါလား။

ယခုကောင်းကောင်းက ထိုအပေါ်ကိုဖြတ်လျှောက်လာသောကြောင့် ဒေါ်သောင်က အော်လိုက်တာပဲဖြစ်မည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now