Unicode
"သွားတာလာတာ သေချာဂရုစိုက်နော်သားလေး။ ဟိုရောက်တာနဲ့ မားတို့ဆီဖုန်းဆက်ဖို့မမေ့နဲ့.. ပြီးတော့ စာကိုလည်းသေချာလိုက်လုပ်။ ညနက်တဲ့အထိလည်း ဖုန်းသုံးမနေနဲ့ ကြားလား"
ညထဲက ထပ်တလဲလဲမှာကြားနေတဲ့စကားတွေကြောင့် အလွတ်ရနေပေမယ့်လည်း ခေါင်းကိုအဆတ်မပြတ်ညိမ့်ပြလိုက်မိသည်။ ရှန်ဟိုင်းမှာ တက္ကသိုလ်သွားတက်မယ့်အရေးကို စစ်ထွက်သွားမည့်အလား မှာကြားနေတဲ့မားကြောင့် ပါးကတော့နားပူမခံနိူင်သည့်အလား ကားရှေ့ခန်းမှာ ဝင်ထိုင်နေလေပြီ။
ရိပေါ်သာ မားရဲ့မှာကြားချက်တွေနားထောင်ရင်း အခုချိန်ထိကားပေါ်မတက်နိူင်သေးတာဖြစ်သည်။ မခံနိူင်တော့တဲ့အဆုံး ကားထဲမှာထိုင်နေတဲ့ပါးဆီ အကူအညီတောင်းသလိုလှမ်းကြည့်လိုက်တော့မှ ပါးကကားမှန်ကိုချလိုက်ရင်း
"ကိုယ်တို့သားက အရွယ်ရောက်နေပါပြီကွာ။ မင်းလုပ်နေတာနဲ့ နောက်ကျကုန်တော့မှာပဲ"
ဒီလိုနဲ့ပဲ ရိပေါ်တို့ရဲ့ကားလေးဟာ လော့ယန်ကနေ ရှန်ဟိုင်းတက္ကသိုလ်ဆီစပြီး ထွက်ခွာခွင့်ရလေသည်။ ရိပေါ်က ဒီနှစ်မှ ရှန်ဟိုင်းမှာစပြီး တစ်ယောက်ထဲကျောင်းသွားတက်ရမှာမို့ မားကစိတ်ပူနေပေမယ့် ငယ်ငယ်ထဲက မားတို့မျက်စိအောက်မှာပဲ နေခဲ့ရတဲ့ရိပေါ်မှာတော့ မြို့ပေါ်မှာတစ်ယောက်ထဲကျောင်းသွားတက်ရမယ့်အရေးကိုတွေးကာ ကြိုပြီးရင်ခုန်နေလေသည်။
ဒါတောင် ရိပေါ်ကရှန်ဟိုင်းကို ကိုယ့်ဘာသာတစ်ယောက်ထဲသွားချင်ပေမယ့် ပါးကစိတ်မချပဲ သူကိုယ်တိုင်ကားနဲ့လိုက်ပို့တာမို့ ရိပေါ်ကသိပ်တော့အလိုမကျချင်။ တက္ကသိုလ်ကျောင်းသားပဲဖြစ်နေပြီကို အိမ်ကမိဘကလိုက်ပို့တယ်ဆိုတာ သူများတွေမြင်သွားရင် ရှက်စရာကြီးမဟုတ်လား။
၁၁နာရီဝန်းကျင်လောက် ကားမောင်းပြီးတဲ့အခါမှာတော့ ရိပေါ်တို့ရှန်ဟိုင်းတက္ကသိုလ်ဆီရောက်လာလေသည်။ ကျောင်းကအပ်ပြီးသားဆိုပေမယ့် အဆောင်နေဖို့နဲ့ အတန်းခွဲဖို့ကိစ္စတွေက အခုမှစပြီးလုပ်ရမှာမို့ ကားပေါ်ကနေ ခပ်သွက်သွက်ဆင်းကာ ကျောင်းဝန်းထဲကို ဝင်လာလိုက်သည်။ ယူလာတဲ့အထုတ်အပိုးတွေကိုတော့ ပါးနဲ့အတူ ကားထဲမှာခဏထားခဲ့သည်။
![](https://img.wattpad.com/cover/318405374-288-k608829.jpg)