"ဘယ်ရောက်နေတာလဲ"

"သူငယ်ချင်းတွေနဲ့ရှိနေလို့..."

"အပြင်ရောက်နေတာလား"

"အင်း ဘာကိစ္စရှိလို့လဲ"

ဘာကိစ္စရှိလို့လဲဟုမေးသည့် ခပ်တိုးတိုးလေသံမှာ စိတ်ရှုပ်ထွေးမှုတွေ အတိုင်းသားပါဝင်နေတာကို ခံစား၍ရလိုက်သည်။ပြီးတော့ လမ်းလျှောက်ထွက်လာရင်း ဖုန်းပြောနေပုံရသည်။ဆူညံသံတချို့က ခပ်ဝေးဝေး၌ ကျန်ရစ်ခဲ့လေသည်။

"မင်းပျောက်နေလို့ ဖုန်းလှမ်းဆက်ကြည့်တာ ညကဖျားချင်နေတာဆို သက်သာသွားပြီးလား"

"အင်း သက်သာတယ်"

ဆိုင်းလော့ဒ်ဆီမှ မတုန်မလှုပ်ဖြင့် လှိုက်လှိုက်လှဲလှဲမရှိလှသောလေသံကြောင့် သူဘာဆက်ပြောရမှန်းမသိတော့‌ချေ။
အေးတိအေးစက်လေသံက သူဖုန်းခေါ်ဆိုခြင်းအား အတိအကျကို မကြိုဆိုချင်သည့်ပုံစံမျိုးဖြစ်သည်။

"မန္တလေးရောက်တာ လေးရက်ပဲရှိသေးတယ် သူငယ်ချင်းတွေရပြီပေါ့လေ"

နှစ်ယောက်ကြား တိတ်ဆိတ်နေသောစကားဝိုင်းအား စိုပြည်မြိုင်ဆိုင်စေဖို့ သူကြိုးပမ်းမိသည်။

"အရင်ထဲကရှိတာ..."

"သြော်..."

သူ့ဖက်က စကားဝိုင်းကိုရှေ့ဆက်ဖို့ ကြိုးပမ်းနေသော်ငြားလည်း ဆိုင်းလော့ဒ်ကတော့ ပြတ်တောင်းသောအသံဖြင့် အပိုအလိုစကားတို့အား မဆိုလာခဲ့ချေ။ထို့ကြောင့်သူ့ရင်ထဲ အောင့်သက်သက် ခံစားချက်တို့ ဝင်ရောက်လာရသည်။သူကသာ အဲ့ဒီဖက်ခြမ်းက ကိစ္စအဝဝကို သိလိုစိတ်ရှိနေတာဖြစ်ပြီး အဲ့ဒီဖက်ကတော့ သူ့ရဲ့ဘယ်ကိစ္စရပ်ကိုမှ သိချင်စိတ်ရှိမနေခဲ့ဘူးလား။မတွေ့ရတဲ့ရက်တွေအတွက် ဆိုင်းလော့ဒ်ဆီမှာ သူ့အတွက်ပြောစရာ စကားတစ်ခွန်း မေးစရာမေးခွန်းတစ်ခုတောင် ရှိမနေခဲ့ဘူးတဲ့လား။

"ဆိုင်းလော့ဒ်.."

ဖုန်းကိုကိုင်ထားရင်း နှစ်ယောက်သား ငြိမ်သက်တိတ်ဆိတ်နေကြစဉ်မှာပဲ ဖုန်းထဲအထိ ကျူးကျော်တိုးဝင်‌လာသော မိန်းကလေးတစ်ဉီး၏ အသံကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက် တောင့်တင်းသွားရတော့သည်။

Wild  Rose(complete)Where stories live. Discover now