"ရှိုင်း မင်း ဒီအတိုင်းပဲ နေတော့မှာလား"
အပြင်က ပြန်လာကာ အဝတ်အစားလဲနေသော ရှိုင်းကို ကျော်ဇောဝေ အားမလိုအားမရမေးလိုက်ခြင်းပေ။ ရှပ်အင်္ကျီလက်ကို ခေါက်တင်ရင်း ကျော်ဇောဝေ အမေးကြောင့်ရှိုင်း သက်ပြင်းမောကိုသာ ရှိုက်လိုက်မိလေသည်။
"အခြေအနေ အဆင့်အတန်းချင်း မတူညီတဲ့ ဘဝ နှစ်ခုကို ညှိယူလို့ ရမယ်လို့ မင်း ထင်လား ကျော်ဇော"
စကားအဆုံးတွင် ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး
"ငါ့မှ သူ့ဘဝလေးကို တင့်တင့်တယ်တယ် မထားနိုင်တာ၊ ငါက ချစ်ပေးနိုင်တာပဲ ရှိတယ်၊ ခွန်းနဲ့ သမီးကို ပြည့်စုံအောင် မထားပေးနိုင်ဘူးလေ၊ ဒါတွေကြောင့် ခွန်း ငါ့ကို စိတ်ပျက်သွားတယ် ဆိုတာ ဖြစ်သင့်ပါတယ်"
"မဟုတ်သေးပါဘူး ရှိုင်းရာ၊ မင်းလည်း သူ့ကို ခါးလှအောင် မဆင်နိုင်ပေမယ့် ဝမ်းဝအောင် ရှာကျွေးခဲ့တာပဲလေကွာ၊ သူ့ မင်းကို ချစ်ခဲ့ပြီး မင်းနဲ့ ဘဝတစ်ခု တည်ထောင်ဖို့ ကြိုးစားခဲ့တာပဲ မဟုတ်လား ၊ အခုဟာက သမီးလေး မျက်နှာမှ မထောက်ကွာ"
သူငယ်ချင်းအတွက် ခံပြင်းရလွန်းသဖြင့် ကျော်ဇော ပြောမိခြင်းပင်။ သကောင့်သားကတော့ အေးအေးလူလူ အပြုံးမပျက် ပြန်ပြောသည့်က
"ရှိပါစေကွာ ၊ မေတ္တာဆိုတာ ရောင်ပြန်ဟပ်ရိုး မှန်ရင် ခွန်း ငါ့ ချစ်ခြင်းမေတ္တာတွေကို နားလည်လာမှာပါ၊ ငါ့ သိလိုက်တဲ့ အသိတစ်ခုက ဒီနေ့က စပြီး ငါ့ အလုပ်ပိုလုပ်ရမယ် ဆိုတာပဲ"
"အေး လုပ် လုပ်၊ မင်းက အရမ်း ပခုံးကောင်းတာ သိလား၊ မင်း မိန်းမက မင်း အိမ်ပြန်နောက်ကျတာပဲ သိတယ်၊ မင်း အပြင်မှာ စားဝတ်နေရေးအတွက် ဘယ်လောက် နွားကျအောင် ငွေရှာနေရလဲ သူ့ မသိဘူး၊ သိအောင်လည်း သူ့ မကြိုးစားဘူး"
"တော်ပါတော့ ကျော်ဇောရာ၊ ငါ့ အပြင်သွားရဦးမယ်"
"ဘာလဲ တက္ကစီ ဆွဲဦးမလို့လား၊ အေးအေးဆေးဆေး နေစမ်းပါတော့ကွာ၊ မင်း တက္ကစီမဆွဲလို့ မင်း တစ်ယောက်အတွက်က ထမင်းငတ်မသွားပါဘူး"
YOU ARE READING
မောင့်ရင်ခွင်သာမှေးစက်ရာ
Romanceစာရေးဆရာတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ရောက်လာသူက အစစအရာရာပြည့်စုံတဲ့ သူဌေးသမီး ကွာရှင်းပြီးသား သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ဒီအတိုင်းအဆုံးသတ်သွားမှာလား😞😞😞