အပိုင်း(၅) : ပျက်စီးကိန်း (ခ)

Start from the beginning
                                    

သူမကိုယ်သူမ အရမ်းရက်ရောနေတယ်လုိ့ ခံစားနေရပြီ။ ဘယ်လိုပဲနေနေ အဲ့ကျောက်စိမ်းပြားတွေကိုလည်း သူမ မကြိုက်ပါဘူး။

အဲ့လိုတွေးမိတော့ ယွင်ရုန်တစ်ယောက် တောင်အောက်ကို မြန်နိုင်သမျှ မြန်မြန်ဆင်းပြီး ပြောင်းလဲသွားတဲ့လူတွေအကြောင်းကို စူးစမ်းဖို့မစောင့်နိုင်တော့ဘူး။ သူမ ပိုက်ဆံမြန်မြန်ရှာပြီး တောင်ကိုဝယ်ချင်နေပြီ!

ဒီလိုနဲ့ တန်းချိုးတောင်နဲ့အနီးဆုံးဟိုင်ရှီကို ယွင်ရုန်ရောက်လာခဲ့တယ်။ သူမ ပတ်ပတ်လည်ကိုလျှောက်ကြည့်နေရင်း အရမ်းထူးဆန်းပြီး သိချင်စရာကောင်းတဲ့ခံစားချက်ကို ခံစားရတယ်။ နှစ်ပေါင်းသုံးထောင်ကြာအပြီးမှာ လူ့လောကက ဒီလောက်ထိတိုးတက်သွားမယ်လို့ သူမ မထင်ခဲ့မိဘူး။ အရင်က လူသားဆိုတာ ထောင်ဂဏန်းသာသာလောက်ပဲရှိခဲ့ပေမယ့် အခုတော့ လမ်းတစ်ခုလုံးလူတွေအပြည့်ပဲ။ ပြီးတော့ မကောင်းဆိုးဝါးတွေ သရဲတွေကိုလည်း မမြင်ရတော့ဘူး။

အဲ့အစား ထူးဆန်းတဲ့အရာတွေရဲ့ ဖျော်ဖြေတာကိုပဲ ခံစားရတယ်။ အစကနေ အဆုံးထိ ပိုက်ဆံရှာရမယ်ဆိုတာကိုတော့ ယွင်ရုန်မမေ့ခဲ့ဘူးပေါ့။ သူမတဖြည်းဖြည်းချင်းလျှောက်သွားရင်း မြို့လယ်ခေါင်မှာ သူ့အစီအစဉ္နဲ့သူ ပိုက်ဆံရှာဖို့ပြင်နေတဲ့လူတွေကိုပဲအရင်ဆုံးသွားတွေ့တယ်။

ဟိုင်ရှီရဲ့လူစည်ကားဆုံး စီးပွားရေး ရပ်ကွက်တစ်ခုမှာ လီချွယ့်ဇီက သစ်ပင်အောက်မှာ ပုဝါစအဝါရောင်ကိုခင်းနေတယ်။ အခုက ပိတ်ရက်ဆိုတော့ လူသွားလူလာက အရင်ကထက်များတယ်။ အထူးသဖြင့် သူအစောကြီးလာပြီး နေရာကောင်းကိုယူထားတာလေ။ ဒီပိတ်ရက်၂ရက်မှာပိုက်ဆံရှာရတာက ပုံမှန်ရုံးဖွင့်ရက် ၅ရက်လုံးမှာရှာရတဲ့ပိုက်ဆံနဲ့ ညီမျှတယ်ဆိုတာကို သူသိတယ်။

ပုဝါပေါ်မှာ ကြေးအကြွေစေ့တွေ၊ သံလိုက်အိမ်မြောင်တွေနဲအဝါရောင် အဆောင်လက်ဖွဲ့တွေကို တစ်ခုပြီးတစ်ခု စီနေအောင်ခင်းတယ်။ ပြီးတာနဲ့ ကော်နဲ့ကပ်လာတဲ့ မုတ်ဆိတ်အတုကြီးကိုလည်း လက်နဲ့သပ်နေလိုက်သေး။ သူ စီးပွားရေးစလို့ရပြီ။

ယွင်ရုန်လည်း လူသွားလမ်းဘေးကနေလျှောက်သွားလိုက်ပြီး လီချွယ့်ဇီ ကိုအဝေးကနေကြည့်နေလိုက်လေရဲ့။ သူ ပစ္စည်းတွေခင်းလို့အပြီးမှာပဲ သူ့နားလေးကနေ မိန်းမငယ်တစ်ယောက်ဖြတ်လျှောက်သွားတယ်။ လီချွယ့်ဇီစကားနည်းနည်းပြောလိုက်တော့ မိန်းမငယ်က အစိမ်းရောင်စက္ကူတစ်ရွက်ထုတ်ပေးပြီး သူ့ဆီကိုကမ်းပေးလိုက်တာပေါ့။ ပြီးတော့ ပျော်ရွှင်စွာနဲ့ပဲ အဝါရောင်အဆောင်ကို ယူသွားပြီး ထွက်သွားတော့တယ်။

ငါ့တောင်ကို ဘယ်ကောင်ရွေ့တာလဲ?Where stories live. Discover now