***

"အီးး အားး ..."

"တစ်ရေးနိုးလာပြီလား ရှန်တစ် ..."

"အင်းးး အွားးး ..."

"ခဏစောင့်အုန်းလေး။ အတင်းမလှည့်နဲ, ... အကိုကူပေးမယ်"

လူနာရှန်တစ်မှာ စိတ်ကလည်း မရှည်။ ဟိုဘက်ဒီဘက်လှည့်တာကအစ အားကုန်သုံးပြီး ရမ်းနေ၏။ ဘယ်ဘက်အခြမ်းကလည်း လုံးဝလှုပ်မရတော့ ညာဘက်ကိုချည်း အားစိုက်သုံးနေရှာသည်။ ကျွန်တော်ကူပေးလိုက်တော့မှ ကျွန်တော့်လည်ပင်းကို လက်တစ်ဖက်နှင့် တွယ်ဖက်ပြီး ကုတင်ပေါ် ထထိုင်လိုက်သည်။ ပြီးတော့ ရေကို ပိုက်နှင့် စုပ်သောက်ရင်းမှ ...

"အကိုဆရာ မအိပ်သေးဘူးလား ... ကျွန်တော်တောင် တရေးနိုးပြီ"

"အင်းး ... ည၈နာရီပဲ ရှိသေးတာ ..."

"အော် ... ကျွန်တော်ဆို မိုးလင်းကတည်းက အိပ်လိုက်စားလိုက်နဲ့ ၇ရေးလောက် ရနေပြီ ... လေ့ကျင့်ခန်းတွေ ဘာတွေမလုပ်ရသေးဘူးလား။ ပျင်းလာပြီ အကိုဆရာရယ် ..."

"ခဏလေး သည်းခံပြီး အနားယူလိုက်ပါအုန်း ... သွေးကြောပေါက်သွားတဲ့နေရာက သွေးခဲ ပြန်ပြုတ်ထွက်မှာစိုးလို့ ငါးရက်လောက် ငြိမ်နေရမယ်တဲ့ ..."

"ဒါဆို မနက်ဖြန်လှုပ်လို့ ရပြီပေါ့ ..."

"သိဘူးလေ ... ဆရာဝန်ကြီး လာမှ မေးကြည့်ပေါ့ ... ဘာလုပ်ဖို့လဲ။ ရှမ်းရိုးရာ အိုးစည်အက ကမို့လား ..."

"က, တတ်ပါဘူး။ ဒါနဲ့ စပျစ်သီးလေး ဘာလေး ခွံ့ကျွေးပါလား"

"ဗိုက်ဆာလို့လား ..."

"ဒီတိုင်း ခွံ့ကျွေးခံချင်လို့ ..."

"ဗိုက်ဆာရင် ဆာတယ်ပေါ့ ..."

"အင်းပါ။ ထားပါတော့ အကိုဆရာရယ် ... မခွံ့ကျွေးချင်လည်း နေတော့"

"ဟားး ... တော်တော် ခက်တဲ့ လူနာပဲ။ အင်းပါ ခွံ့ကျွေးပါ့မယ်။ တော်ကြာ ဗိုက်ဆာပြီး သေသွားမှ လူနာစောင့် အပြစ်ဖြစ်အုန်းမယ် ..."

ဟုတ်တယ်လေ။ ဒီညက ကိုယ်တစ်ယောက်တည်း အိပ်စောင့်ရတာဆိုတော့ အနားမှာ ဘယ်သူမှ မရှိ။ ရှန်တစ်ဦးလေး ဦးစိုင်းသွမ်နဲ့ ဉာဏ်လေးတို့ကလည်း ဆေးရုံဆင်းခွင့်ရတာနဲ့ ရှန်တစ်ကို နိုင်ငံခြား အဆင့်မြင့်ဓာတ်ခွဲခန်းမှာ သွေးသွားစစ်ဖို့၊ လေ့ကျင့်ခန်းတွေ သွားလုပ်ဖို့ကို စုံစမ်းစီစဉ်နေကြသည်။ ဒီတော့ သူတို့ကလည်း မအား။ မြင်းမိုင်က လူတွေကလည်း လမ်းခရီးဝေးတော့ တစ်ရက်ခြားလောက်မှ လာတတ်ကြသည်။ သို့နှင့် ပင်တိုင် လူနာစောင့်မှာ ကျွန်တော်တစ်ယောက်တည်း ရှိလျက်။ ကိုယ့်နှလုံးသားလေးအတွက် ပင်တိုင်လူနာစောင့်လို့ပဲ ပြောရမည်လား မသိ။

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now