အပိုင်း ( ၃ ) unicode

Start from the beginning
                                    

"ဟေး မောင်ရင်.. ဟိုစံအိမ်ကြီးကိုရောက်လာတဲ့ကောင်လေးမလား"

"အော်.ဟုတ်ကဲ့ခင်ဗျ။"

ထော်လာဂျီ တစ်စီးဘေးမှာထိုးရပ်လာရင်း နှုတ်ဆက်လာသည့်အသံကြောင့် Lucas ၏အတွေးများ ပြတ်တောက် သွားသည်။ စက်သံဆူညံနေသည့်ထော်လာဂျီသံကိုပင်မကြားသည်အထိ သူအတွေးထဲနစ်မြောနေခြင်းဖြစ်၏။ ထိုစံအိမ်ကြီး ကြောင့် သူ့ကို လူအတော်များများ မှတ်မိသွားတာဖြစ်နိုင်သလို ၊ လူဦးရေ နည်းပါးသည့် ထိုမြို့လေးမှာ သူလို လူစိမ်းက သိသာ နေခြင်းလည်း ဖြစ်နိုင်သည်။

"အဆင်ပြေရဲ့လားကွ။ ရက်တော်တော်ကြာကြာ မတွေ့မိလို့ လူစုပြီး လာကြည့်မလို့တိုင်ပင်ထားကြတာ။ ခုကော ဘယ်သွား မလို့လဲ"

"ဟုတ်ကဲ့အဆင်ပြေပါတယ်။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေး။ အရင်ရက်တွေက ကျွန်တော်ပါလာတဲ့ဟာတွေပဲ ဖြစ်သလိုစားနေလို့ အပြင်မထွက်ဖြစ်တာပါ။ ခုမှ လိုအပ်တာလေး၀ယ်ချင်လို့ထွက်လာတာပါ။"

သည်လိုအချိန်မှာ အမှန်အတိုင်းပြောဖို့ဆိုတာ အဆင်မပြေနိုင်သည်မို့ Lucas သင့်တော်သည့်မုသားကိုသုံးလိုက်ခြင်း ဖြစ်သည်။ ထိုဦးလေး၏အကြည့်ထဲတွင် စံအိမ်ကြီးနှင့်ပတ်သက်၍စူးစမ်းလိုမှုများကိုတွေ့ရသည်။

"လာ..တက် ဦးလေးနဲ့လိုက်ခဲ့။ စျေးထဲကလူတွေနဲ့မိတ်ဆက်ထားပေးမယ်။ နောင် လိုအပ်တာတွေရှိရင်လည်း မှာလို့ရ တာပေါ့။ "

"ဟုတ်ကဲ့၊ ဦးလေး ကျေးဇူးပါ။"

Lucas ထော်လာဂျီ‌ပေါ် ထိုင်လိုက်လာရင်း ကျေးဇူးတင်စကားပြောလိုက်သည်။ Lucas ၏ စကားနည်းသည့်ပုံစံ ကြောင့် ဦးလေးကြီးလည်းနောက်ထပ်စကားစဖို့ ခက်ခဲသွားပုံရသည်။

ထိုဦးလေး၏မိတ်ဆက်ကောင်းမှုကြောင့် Lucas လက်ထဲမှခြင်းတောင်ကြီး အချိန်တိုလေးအတွင်းမှာ သား၊ငါး၊ အသီးအရွက်နှင့် လိုအပ်သည့်မီးဖိုချောင်သုံးပစ္စည်းများဖြင့်ပြည့်လျှံသွားသည်။ လူသစ်မို့ ကြိုဆိုသည့်အနေဖြင့်လက်ဆောင် တွေပေးကြတာလည်းပါ၏။

အားလုံးလိုလိုသည် သူမှော်စံအိမ်ကြီးသို့ရောက်လာရသည့်အကြောင်းအရင်းကိုသိချင်ကြပုံပေါ်သည်။ သို့ပေမယ့် လိုအပ်တဲ့အကူအညီရှိရင်ပြောပါဆိုသည့်စကားကြောင့် ထိုမြို့ကလေး၏ချစ်စဖွယ်ကောင်းသော အလေ့အထဟု Lucas မှတ်ယူမိသည်။မြို့ပြကြီးမှ လူတွေနှင့်တော့ကွာခြားသည်မလား။

Magical LoveWhere stories live. Discover now