အပိုင်း - ၃

8.5K 847 101
                                    

Unicode

"အဲ့တော့ မင်းက ခါးပိုက်နှိုက်ကို လိုက်ဖမ်းနေရလို့ ဂျူတီနောက်ကျတယ်လို့ ပြောချင်တာလား"

ရွှေကိုင်းနဲ့ဘောင်ခတ်ထားတဲ့မျက်မှန်ကြီးကို ပင့်တင်ရင်း ခပ်တင်းတင်းဆိုလာတဲ့ ဌာနမှူးထက်တောင် အပေါက်ဆိုးသော SAS (senior assistant surgeon) မမရဲ့ စကားကြောင့် လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ မျက်နှာချို သွေးလိုက်ရပါတော့တယ်။

ဒါ့ကြောင့် ဘယ်ယော်ကျားမှ မကြိုက်နိုင်ဘဲ အပျိုကြီးဖြစ်နေတာထင်တယ်

စိတ်ထဲမှာပြောနေတဲ့စကားတွေကို အပျိုကြီးမမသာကြားရင် သွေးအန်သေနိုင်မှာတော့ သေချာပါတယ်။ လမ်းတစ်လျှောက်လုံး "အဆူခံရမှာ စိတ်မပူနဲ့။ ကိုယ်ပြောပေးမယ်" ဆိုပြီး ရှေ့နေလိုက်ပေးမယ့်လူကလည်း ဆေးရုံ၀န်းထဲရောက်ရောက်ချင်း ခဏဆိုပြီးထွက်သွားတာ ဘယ်ကမ္ဘာတောင် ရောက်နေသလဲမသိ။

ဖြေရှင်းချက်ပေးပြီးတာတောင် ဆူပူနေတာ နာရီ၀က်လောက် ရှိတော့မယ်ထင်တယ်။ ပကျိပကျိနဲ့ စာကလေးလို တတွတ်တွတ်ရွတ်နေတော့ လူကနားတွေပူလာတော့တာပဲ။ ဆရာ၀န်ဖြစ်ကတည်းက အနေအထိုင်ဆင်ခြင်ခဲ့တာမို့ တစ်ခါမှပြင်းပြင်းထန်ထန် အဆူမခံရပေမဲ့ အခုဟာက တစ်ခြားနေရာမှာတောင်မဟုတ်ဘဲ ဌာနရှေ့တည့်တည့်မှာ ဆူနေတဲ့အပြင် House Surgeon (အလုပ်သင်ဆရာ၀န်) လေးတွေ ဌာနနားဖြတ်လာတဲ့အခါ အားမနာတမ်းအဆူခံနေရတဲ့ သူ့ပုံရိပ်ကို မြင်ကုန်တော့ စိတ်ထဲလည်း နည်းနည်းလေး အောင့်သက်သက် ဖြစ်သွားတယ်။

တစ်ကယ်ဆို ထယ်ယောင်းက တာ၀န်ကိုပျက်ကွက်ဖူးတဲ့သူ မဟုတ်ပါဘူး။ သိပ်အပြောမကြမ်းတဲ့ထယ်‌ယောင်းကို ခင်ကြမင်ကြတဲ့ House Surgeon လေးတွေကတော့ သူမအကြောင်း သိကြသူတွေပီပီ ဖိုက်တင်းဆိုပြီး လက်သီးလေးတွေဆုပ်ပြသွားကြပါတယ်။

"ဆရာ၀န်ဆိုတာ အချိန်ကိုလေးစားရတယ်ကွ။ အခုက case အထွေအထူးမရှိလို့ထားပါတော့။ case အကြီးကြီးတွေ ဖြစ်နေတဲ့အချိန် မင်းတစ်ယောက်မရှိတဲ့အခါ ဆရာ၀န်အင်အားက လျော့သွားလိမ့်မယ်။ တစ်ခြားသူတွေ ဘယ်လောက်တောင် ဒုက္ခရောက်မလဲ မင်းစဉ်းစားကြည့်စမ်း။ ကင်မ်ထယ်ယောင်း .... မင်းက Assistant Surgeon ဖြစ်နေပြီနော်။ House Surgeon တွေရှေ့မှာ အကြီးပီပီ စည်းကမ်းလေးဘာလေး လိုက်နာပြစမ်းပါ။ မင်းနောက်ကျတာကို မြင်တဲ့အခါ သူတို့လည်း လိုက်နောက်ကျရင် ဘယ်လိုလုပ်မလဲ။ မင်းတို့တွေကတော့ ‌တစ်ကယ်ခက်တာပဲ"

Chocolate Cosmos (Complete)Where stories live. Discover now