စကားသွက်သွက်ဖြတ်ကာ ထွက်သွားလေသော ဆရာကြည်သည် ရွာမှ ဒေါ်ငွေခင်ကြီးအား အလွမ်းပိုနေတာမို့ အလျင်လိုနေသည်လား မပြောတတ်တော့ပါ။ တစ်ခေတ်မောင် တိတ်တဆိတ်သာ သက်ပြင်းချမိပါတော့၏။

"မင်းဆရာက လောလှချည်လား တစ်ခေတ်မောင်ရဲ့...."

"လောဆို ရွာမှာ သူ့ချစ်ချစ် ဒေါ်ငွေခင်ကြီးကျန်ခဲ့တာကို.....သူလည်း လွမ်းရောပေါ့.. "

"ဟေ... အစ်ကိုကြည့်မှာ ချစ်ရမဲ့ မိန်းကလေးရှိနေလေပြီလား...."

ဆရာရသက အံ့သြသလိုလို မယုံကြည်နိုင်သလို မေးလာ၏။

"အယ်...အဲ့သည်လိုမျိုးမဟုတ်ပေမဲ့လို့ အဲ့သည်လိုမျိုးပါပဲ...."

တစ်ခေတ်မောင်က ဂုတ်ပိုးကို ပွတ်ကုတ်နေလျက် ဖြေလိုက်သည်။ အမှန်တော့ ဆရာကြည်နှင့် ဒေါ်ငွေခင်တို့မှာ ထိုအခြေအနေလောက်ထိတော့ မရောက်သေးပါချေ။

"အစ်ကိုကြည်က မမေလေးကို မမေ့နိုင်လောက်သေးဘူးလို့ တွေးဆထားတာ.....သည်လိုဆိုတော့လည်း အစ်ကိုကြည်အတွက် ကောင်းတယ်ပဲ ပြောရမလား....လွှတ်ချသင့်တာ လွှတ်ချပြီး သူလည်း ဘဝကို အသစ်စသင့်ပြီလေ...."

ဆရာရသက တောင်းထဲရှိ သနပ်ခါးတုံးများကို ကိုင်ကြည့်လျက် တွေးဆဆဖြင့် ပြောနေလေသည်။

"သည် သနပ်ခါးတွေက အစ်ကိုကြည့် ခြံထဲက ထွက်တာလား...."

"ဟုတ်သပဗျာ....ကျုပ်ကိုယ်တိုင် ရေလောင်းပျိုးသင်ထားတဲ့ အပင်တွေလေ....မွှေးတာကတော့ ပြောမနေနဲ့ဗျာ...."

"အေး ကောင်းတယ် ကောင်းတယ်.....သာကူရေ ဝေ့..သာကူရေ..."

"ခင်ဗျာ....."

ဆရာရသခေါ်လိုက်သည်နှင့် ကိုကြီးသာကူမှာ အပေါ်ထပ်မှ သုတ်တီးသုတ်ပြာပြေးဆင်းလာလေတော့သည်။

"သည်သနပ်ခါးတောင်းကို ဟိုဘက်အိမ်ကို သွားပို့ချေ....ငါ့သဘင်ထဲက မိန်းမလှတွေကတော့ သဘောတွေ့ကုန်မှာ အမှန်ပဲ...."

"ဟုတ်ကဲ့ ဆရာရသ....."

ယခု သဘင်အိမ်မှ လူအများကိုတော့ တစ်ခေတ်မောင် မချီးကျူးပဲ မနေနိုင်ပေ။ ဇာတ်ဆရာဖြစ်သူ ဆရာရသအပေါ် အမြဲ တလေးတစားဆက်ဆံတတ်သော သူတို့တတွေသည် ဆရာရသနှင့် အသက်အရွယ် မတိမ်းမယိမ်းကလေးများဖြစ်ကြလေသည်။ သို့ပေတိ ဆရာရသအား မခန့်လေးစားမလုပ်ကြပေ။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now