"မင်းအခု သိပ်အားငယ်နေမှန်း ငါသိတယ်....ဒါပေမဲ့ အကုန်လုံး တဖြေးဖြေးအသားကျသွားမှာပါ.....စတင်ခြင်းမှန်သမျှက ခက်ခဲကြစမြဲပဲလေ....မင်းတစ်ယောက်တည်းရယ်လို့ မတွေးပါနဲ့ ငါတစ်ယောက်လုံး မင်းဘေးမှာ ရှိတယ်......"
တစ်ခေတ်မောင်မှာ အံ့သြမှုကြောင့် မျက်ဝန်းတို့ ပြူးကျယ်သွားရသည်။ ဘယ့်နှယ် စတွေ့ချင်း မျက်နှာထားတည်တည်နဲ့ ကြောက်မက်ဖွယ် ကိုကြီးငမှေးက ထိုသို့ အားပေးနှစ်သိမ့်တတ်သည်တဲ့လေ။ ကိုကြီးငမှေးစကားတွေကြောင့် တစ်ခေတ်မောင် အားအင်ပြည့်သွားရသည်ကတော့ အမှန်ပင်။ သူ့အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ရာ စတင်ခြင်းတစ်ခုမို့ သူကျော်ဖြတ်နိုင်ရမည်လေ။ ကိုယ့်ကိုကိုယ် အားတင်းစကားတွေ ပြောနေမိသည်။ တစ်ဆက်တည်း။
"ကျေးဇူးပါ ကိုကြီးငမှေး....."
ကိုကြီးငမှေးမှာ မနေတတ်စွာ ချောင်းဟန့်လျက် တစ်ဖက်သို့ မျက်နှာလွှဲထားလေသည်။
"အပြင်မှာ အေးလာပြီ ဝင်ကြရအောင်...."
ကိုကြီးငမှေးကသာ ဦးဆောင် ထွက်သွားသည်မို့ တစ်ခေတ်မောင်က နောက်မှ တိတ်တဆိတ်လိုက်လာရတော့သည်။ အခန်းထဲတွင်တော့ ကိုကြီး ငွေခဲနှင့် ကိုကြီး သာကူက တစ်ခြင်ထောင်၊ ကိုကြီး ငမှေးနှင့် ကိုကြီး ရှမ်းလေးတို့က တစ်ခြင်ထောင် အိပ်ကြလေသည်။ ယနေ့မှ ရောက်လာသူ တစ်ခေတ်မောင် အတွက်တော့ နေရာလွတ်တစ်ခုသာ ရှိနေပြီး စောင်၊ ခြင်ထောင်ရှိမနေ။ တစ်ခေတ်မောင် သက်ပြင်းချလျက် ထန်းခေါက်ဖာကိုသာ ခေါင်းအုံးအိပ်ရန် ကြိုးစားလိုက်သည်။ သူလို အညာသားတစ်ယောက်အတွက် ဘယ်လိုအိပ်ရအိပ်ရ သိပ်တော့ ပြဿနာရှိမနေ။
"တစ်ခေတ်မောင်....."
ကိုကြီးငမှေးမှာ သူ၏ ခြင်ထောင်မှနေ၍ ခပ်တိုးတိုးခေါ်၏။
"ခင်ဗျာ...."
"စောင်တွေ ခြင်ထောင်တွေရော ရှိရဲ့လား...."
"မရှိဘူးဗျ...."
"ဟေ....ငါသွားယူပေးမယ် ဟိုဘက်ခန်းမှာ ရှိလောက်တယ်...."
သွားယူရန်ကြိုးစားနေသော ကိုကြီးငမှေးအား တားရန် တစ်ခေတ်မောင် ထထိုင်လိုက်ရသည်။
YOU ARE READING
Romanceအစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...