"ကျုပ်တို့ ဆိပ်ကမ်းမှာ တစ်ခါတွေ့ဖူးတာဗျ...."
မချေမငံအခြေအနေမို့ တစ်ခေတ်မောင် ရှင်းပြရတော့သည်။ ထိုအခါမှ ဆရာကြည်တို့နှစ်ဦးက ခေါင်းတဆတ်ဆတ်ငြိမ့်ကြသည်။
"သိထားကြတော့လည်း ကောင်းပကွာ...မင်းကို ပြောချင်တဲ့ ကျုပ်တို့ဇာတ်အဖွဲ့ရဲ့ လျို့ဝှက်ချက်ကတော့ တစ်ခြားမဟုတ်ဘူး .... မင်းရှေ့က ထွင်းအက္ခရာပဲ...."
"ခင်ဗျာ!!!!!..."
အရှေ့မှ လူကို တစ်လှည့် ၊ဆရာရသကိုတစ်လှည့်၊ ဆရာကြည့်ကို တစ်လှည့် ကြည့်ရင်း သူ့ခေါင်းတို့ ချာချာလည်လာသည်။ ဆရာရသ ပြောလိုက်သည်က အရှေ့မှ ထိုလူသည် ထွင်းအက္ခရာတဲ့လား။ တစ်ခေတ်မောင် မချိတင်ကဲ ပြုံးလိုက်ရင်း ...
"အမလေးဗျာ!!!!"
ဖျာကြမ်းပေါ်တွင်ပင် ပစ်လဲကာ မေ့လဲကျသွားတော့သည်။ ချက်ချင်းလက်ငင်း မေ့မျောသွားသော တစ်ခေတ်မောင်ကြောင့် ဆရာကြည်တို့ သုံးဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခေါင်းသာခါမိတော့သည်။
####
"အားးးကျွတ်ကျွတ်...."
"တပည့်ကြီးနိုးလာပြီလား...."
ဦးခေါင်းကို ကိုင်ရင်း တကျွတ်ကျွတ် အော်ညည်းနေသော တပည့်ကြီးသည် ချက်ချင်းဆိုသလို ထထိုင်ပါ၏။
"ဆရာကြည်....ကျုပ်အခု ဘယ်ရောက်နေတာလဲ...."
"ဟေ...."
ကြောင်တောင်တောင်စကားများပြောနေသော တပည့်ကြီးကြောင့် ဆရာကြည်မှာ ရယ်ရခက်ငိုရခက်။
"ရန်ကုန်မှာလေကွာ...."
"ဒါဆို ခုနက ဖြစ်ခဲ့တာတွေက တကယ်ဖြစ်ခဲ့တာပေါ့...."
"အေးလေ...."
သွေးပျက်တုန်လှုပ်နေသော တစ်ခေတ်မောင်သည် ချွေးစေးတို့ပင် ပြန်လာလေသည်။ ဆရာကြည်မှာဖြင့် တပည့်ကျော်၏ ထူးထူးဆန်းဆန်းအမူအရာများကြောင့် အံ့သြလျက်သာရှိ၏။
"ဆရာကြည် အရင်ကတည်းက သိခဲ့တာလား...."
"ဘာကိုလဲ....."
တစ်ခေတ်မောင်မှာ တင်ပျဥ်ခွေထားသော သူ့ခြေထောက်တို့ကိုသာ ငုံ့ကြည့်လျက်ရှိပြီး သူ့အသံသည်လည်း အက်ကွဲနေလျက်ရှိသည်။ ဆရာကြည်သည် တပည့်ဖြစ်သူ၏ ကြေကွဲသွေးပျက်နေပုံကို ကြည့်နေရင်း နားမလည်နိုင်အောင် ဖြစ်ရပြန်သည်။ တစ်ခေတ်မောင်ထံမှ သက်ပြင်းချသံသဲ့သဲ့ကို ကြားရ၏။
YOU ARE READING
Romanceအစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...