'' မင်းချစ်သူတစ်ယောက်လုံး ရှိတာကို ဘာလို့ တခြားကောင်ကို အားကိုးရတာလဲ ကိုယ်က မင်း အားကိုးရလောက်တဲ့ ချစ်သူ မဟုတ်လို့လား။ ထီးမပါတာ ကိုယ့်ကို မဆက်ပဲ ရှန်မင်းခက်ကို ဘာကြောင့်သွားဆက်ရသလဲ ''

ခါတိုင်း အသည်းယားစွာ မျိူးစုံခေါ်တတ်သူမှာ အဲ့သည့်နေ့ကိုယ်နဲ့ငါ သာသုံးပြီး နည်းနည်းသူစိမ်းဆန်နေခဲ့သည်။ ထင်လိုက်ပါသည် မောင်က သူ့ကိုအားမကိုးပဲ ရှန်မင်းကို အားကိုးမိလို့စိတ်ဆိုးနေခြင်းဖြစ်သည်။

သည်နေ့တွင်တော့ သုံးလပြည့်အထိမ်းအမှတ်လေး လုပ်ပြီး မောင့်ကို ချော့ရမည်။

သံသရာမှာ မောင့် ဥပေက္ခာတွေလောက် နာကျင်စရာကောင်းတာမရှိပေ။

ဒီနေ့အတွက် မနေ့ကတည်းက အလုပ်တွင် နေ့တစ်ဝက်ခွင့်ယူမည်ဟုပြောထားခဲ့ပြီးပြီဖြစ်သည်။

ဆန်းဆန်းပြားပြားမကြိုက်တတ်သော ကျွန်တော့်လူကြီးအတွက် ရိုးရိုးလေးသာစီစဉ်ထားသည်။ အလုပ်ကနေ့လည်ပြန်သည့်အခါ မားကတ် တစ်ခုခုဝင်ပြီး ချက်စရာပြုတ်စရာများ ဝယ်မည်။ ပြီးလျှင် Mini cake လေးတစ်လုံးဝယ်ပြီး ကျွန်တော်တို့နှစ်ယောက် နာမည်အစ စာလုံးများကြားတွင် အသဲပုံလေးခံပြီးရေးခိုင်းမည်။ ပြီးလျှင် ဝိုင်ကောင်းကောင်းလေးတစ်လုံးပါဝယ်သွားဖို့လည်း စဉ်းစားထားသည်။ နှောင်းခနွေမွေးနေ့တုန်းက မောင် ဝိုင်သောက်တာကိုတွေ့ဖူးသည်။

ဒါတွေထက်အရေးကြီးဆုံးက အဝတ်အစားဖြစ်သည်။ ပုဆိုး သိပ် မဝတ်တတ်တာကြောင့် ဘောင်းဘီ နဲ့တီရှပ်သာဝတ်လေ့ရှိသော ကျွန်တော့်ကို မောင်က ပုဆိုးဝတ်ကာ မြန်မာဆန်ဆန်လေးနေစေချင်သည်။ ဒါ့ကြောင့် ပုဆိုးကိုခိုင်ခိုင်ဝတ်တတ်အောင် အိမ်မှာလေ့ကျင့်ထားခဲ့သည်။ အိမ်ပြန်ရောက်လျှင် Short pant တွေအစား ပုဆိုးတွေပဲဝတ်ခဲ့သည်။ ပုဆိုးစ တက်နင်းမိကာ ချော်ခနခနလဲသည်။ စစချင်းအခါကဆို မေမေ့အရှေ့မှာပါ ပုဆိုးကျွတ်ကျဖူးသည်။ အောက်က boxer ပါလို့သာတော်ရော့သည်။

အွန်လိုင်းကမှာထားသော အင်္ကျီ နဲ့ပုဆိုး အချိန်မှီရောက်လာလို့လည်းတော်သေးသည်။ CLAY Myanmar ကနေ အသားရောင် casual Shirt နှင့် အကွက်ပုဆိုးကို မှာထားခဲ့တာဖြစ်သည်။ အဝတ်အစားလေးကိုအိတ်ထဲသေချာထည့်ကာ စာအုပ်စင်ပေါ်က တစ်နှစ်တခါ စာအုပ်ဝယ်ရန်စုထားသည့် စုဘူးကိုဖောက်ပြီး ပိုက်ဆံ ထည့်ခဲ့လိုက်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now